close

ဒေါက်တာအေးမောင်

close

January 13, 2023

အေအေ ဖမ်းဆီးထားသည့် ပါတီခေါင်းဆောင် ၂ ဦး ပြန်လွတ်ရန် တရုတ်ကို အကူအညီ တောင်းထားဟု ဒေါက်တာအေးမောင်ပြော

ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပါတီခေါင်းဆောင်နှစ်ဦး ပြန်လည်လွတ်မြောက်လာဖို့အတွက် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) ထံမှာ အကူအညီ တောင်းခံထားတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပါတီခေါင်ဆောင်နှစ်ဦးမှာ ရခိုင့်ဦးဆောင်ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇောဦးနဲ့ ပါတီဗဟိုအကြံပေးကောင်စီဝင် ဦးကျော်လွင်တို့ နှစ်ဦးကို ရက္ခိုင့်တပ်တော် ဖမ်းဆီးထိန်းသိမ်းထားမှုကနေ လွတ်မြောက်ဖို့အတွက် တရုတ်သံအမတ်က တဆင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) ထံ အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။

“CPC နဲ့ ကျနော်တို့က မိတ်ဘက်ပါတီတွေဗျာ။ အဲတော့ သူတို့ဘက်ကမေးတယ်။ ဦးကျော်ဇောဦး ဒီလိုမျိုး သတင်းတွေမှာပါတယ် ဟုတ်လားပေါ့။ ကျနော်တို့ကလည်း ဟုတ်တယ်။ ကျနော်တို့ဆီက နှစ်ယောက် ULA ဘက်က ဖမ်းထားတာရှိတယ်။ ဘာမှလည်း အပြစ်မရှိဘူး။ ဒီလို လူမှုကွန်ရက်မှာ ဒီအကြောင်းကြောင့်ဖြစ်တယ်။ သူတို့က သူလျှိုလုပ်လို့လားဆိုတော့ မဟုတ်ဘူး ဒီကြောင့်ဖြစ်တယ်။ အဲဒါကို ခင်ဗျာတို့ဘက်က အစိုးရကိုတင်ပြဖို့ သံအမတ်ကြီးကို ပြောပေးပါ။ သံအမတ်ကြီးကို ပြောပြီးပြီ။ အဲဒါကို ပြန်ပို့တာပေါ့။ အဲ့တော့ သံအမတ်ကြီးကတဆင့် မစ္စတာ တိန့်ရှီဂျွန် မြောက်ပိုင်းမှာ မတွေ့ခင်ကတည်းက ကျနော်တို့ တင်ပြထားတာပါ။”

ရခိုင့်ဦးဆောင်ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇောဦးကို နိုဝင်ဘာ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော်ဘက်က ခေါ်ယူစကားပြောနေတာဖြစ်တယ်လို့ နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲမှာ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးပါတီတခုရဲ့ ရပ်တည်ချက်ကို လက်နက်ကိုင်ဘက်ကလည်း အသိအမှတ် ပြုပေးသင့်တယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။

“နိုင်ငံရေးပါတီတခုရဲ့ ရပ်တည်ချက်ကို လက်နက်ကိုင် တော်လှန်ရေးဘက်ကလည်း အသိအမှတ်ပြုရမယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ဂုဏ်သိက္ခာရှိရှိ အသိအမှတ်ပြုပေးဖို့လိုတယ်။”

ဦးကျော်ဇောဦးနဲ့ ဦးကျော်လွင်တို့ နှစ်ဦးလုံးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့လည်း မျေှာ်လင့်နေတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဦးကျော်ဇောဦးနဲ့ ဦးကျော်လွင်တို့ နှစ်ဦးလုံးမှာ ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ရာမှာ အဓိက ပါဝင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တွေဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ဖူးကြတဲ့ ဝါရင့်နိုင်ငံရေးသမားတွေလည်း ဖြစ်ကြပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ဟာ လက်ရှိ စစ်ကောင်စီကကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

2 months Ago

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ ယှဉ်ပြိုင်မည်

စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ရခိုင်တိုင်းရင်းသားကိုယ်စားပြုပါတီ ၃ ခုအနက် ရခိုင့်ဦးဆောင်ပါတီ (AFP) က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်သလို ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ လည်း ဝင်ပြိုင် မပြိုင် မဆုံးဖြတ်ရသေးဘူးလို့ သက်ဆိုင်ရာပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပထမတချက်ကတော့ ရွေးကောက်ပွဲကို ပါတီရဲ့ မှတ်ပုံတင်ခြင်း ဥပဒေအရ ကျနော်တို့ ဝင်ပြိုင်တယ်။ ဒုတိယတချက်က ကျနော်တို့ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုထွက်မှာလဲ၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လို ဒီအကျပ်အတည်းကို ရုန်းထွက်မှု ဆန္ဒရှိသလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုရုန်းထွက်ဖို့ အခွင့်အရေး ပေးထားသလဲ။ မြန်မာနိုင်ငံအကျိုးစီးပွားတခုလုံးနဲ့ ယှဉ်ပြီး ဘယ်လိုရုန်းထွက်ပြီးမှ ချောင်ပိတ်မိနေတဲ့ ၇၅ နှစ်ကြာ သွေးမြေကျမှုကို ရပ်အောင်လုပ်သင့်သလဲ။ အဲဒီဥစ္စာ ၃ ခုစလုံးကို စဉ်းစားပြီးမှ လာမယ့်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံတခုလုံးအတွက် ထွက်ပေါက်ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အရေးပေါ်ကာလရဲ့ အချက်ကြီးကို ကျော်လွန်နိုင်တဲ့ လူထုတင်မြှောက်တဲ့ အစိုးရတရပ် ပေါ်ထွန်းတဲ့ ကာလသည် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြေခံဖြစ်တယ်။ အဲဒီအခြေခံအရဖြစ်လာတဲ့ ရွေးကောက်ပွဲဟာ အဓိကကျတယ်။ အဲဒီဝင်ပေါက်က ဝင်မှလည်း ဒီအကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယူဆပြီးမှ အချက်အလက်ကို အခြေခံစဉ်းစားပြီး ရွေးကောက်ပွဲသည် ထွက်ပေါက်ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲသည် ကျနော်တို့ ဝင်ပြိုင်သင့်တယ်” လို့ ပြောပါတယ်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကို အနည်းဆုံး မဲဆန္ဒနယ် ၃ ခု ယှဉ်ပြိုင်ရေယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။

“နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို လက်ခံပြီးမှ ပါတီမှတ်ပုံတင်ကျအောင်အထိ ပါတီဝင်တွေကို စုတာတို့ ဘာတို့ သူ့ရဲ့မူဝါဒတို့ကို ရေးပြီးမှ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတာတို့ ဘာတို့ အတည်ပြုလွှာတို့ လုပ်ပြီးလို့ရှိရင် အဲဒီ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကို အနည်းဆုံး ၃ နေရာ ဝင်ကိုပြိုင်ရတယ်။ မပြိုင်ဘူးဆိုရင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို ဖျက်သိမ်းမယ်။ ဒါ ပါတီတိုင်းပဲ။ အဲ့တော့ ပါတီအနေနဲ့ ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းအရ ရွေးကောက်ပွဲဝင်တာ ဖက်ဒရယ်သဘောအရ တန်းတူအခွင့်အရေးကို ကြိုးစားပြီးတော့ တည်ဆောက်တာတွေ လုပ်မလား။ လုပ်မယ်ဆိုရင် မှတ်ပုံတင်ပြီးသားပါတီဆိုရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်။ မဝင်ဘူးဆိုရင်ပါတီကို ဖျက်သိမ်းရမယ်။ အဲတော့ ကိုယ်က ဘယ်လမ်းသွားမှာလဲ၊ နိုင်ငံရေးပါတီလမ်းကြောင်းက သွားမှာလား၊ CSO မှာနေမှာလား၊ လက်နက်ကိုင်တော်လှန်ရေးဘက်ကို သွားမှာလား၊ အဲဒါတော့ အဲဒီပါတီဘက်ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်။”

ဒါ့အပြင် နောက်ထပ် ရခိုင်အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအနေနဲ့ မည်သည့်အာဏာပိုင်အဖွဲ့နဲ့မှ မပူးချင်တာကြောင့် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့တော့ အခုလာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်မှု မပြုလုပ်ဘူးဆိုပြီးတော့ ကျနော်တို့ CEC အမြဲတမ်း အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတာ ရှိပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိမှတ်ပြုခြင်း မပြုခြင်းကတော့ ကျနော်တို့ မပြောလိုပါဘူး။ ကျနော်တို့ကတော့ မည်သည့်အာဏာရှင်နဲ့မှ ပူးပေါင်းပြီးတော့ ဆောင်ရွက်လုပ်ကိုင်ခြင်း မရှိဘူးဆိုပြီးတော့ ကျနော်တို့ သဘောထားမှတ်ချက် ပေးထားတာ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုလုပ်မှာမဟုတ်ဘူး။”

ရခိုင်ပြည်နယ်တွင်း အပစ်အခတ်ရပ်စဲထားမှု အာမခံချက် မရှိသလို ပြည်သူတွေ လုံခြုံတဲ့ အနေအထားမှာ ရှိမနေသေးတာကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင် မပြိုင် တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးဘူးလို့ ရခိုင်အင်အားအကြီးဆုံးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“ကျနော်တို့ပါတီအနေနဲ့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တစုံတရာ ဆွေးနွေးဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ပြောလို့ရမယ်။ ဘာဖြစ်လို့ဆိုတော့ အခုလက်ရှိ ရခိုင်ပြည်နယ်မှာလည်း အပစ်အခတ် ရပ်စဲထားတာက ယာယီအပစ်အခတ်ရပ်ထားတဲ့ သဘောပဲရှိတယ်။ စစ်ဘေးရှောင်ပြည်သူတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်သွားလို့ရတဲ့ အခြေအနေမျိုးမှာလည်း ရှိမနေသေးဘူး။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာလည်း ပြည်သူတွေက စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတဲ့ အခြေအနေမျိုး မြင်တယ်။ အဲဒါကြောင့် ပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တစုံတရာ ဆွေးနွေးထားခြင်း မရှိသေးဘူးလို့ ပြောချင်တယ်။”

အခု စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာ့အကျပ်အတည်းတွေကို အလုံးစုံ ဖြေရှင်းပေးနိုင်ဖို့ မမြင်ဘူးလို့လည်း ဦးသာထွန်းလှက ဆက်ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူတွေ နေ့စဉ်ရက်ဆက်ဆိုသလို သတ်ဖြတ်ခံရမှုတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲအတွက် ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှုက ရှိမနေသေးဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦသာထွန်းလှက ဆိုပါတယ်။

“ရွေးကောက်ပွဲဆိုတာက မြန်မာနိုင်ငံ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ရခိုင်ပြည်နယ် တခုတည်းကို ကွက်ပြီး ကြည့်လို့မရဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အမြင်ကိုပြောရမယ်ဆိုရင် မဲဆန္ဒရှင် ပြည်သူတွေက ကိုယ့်ရပ်ရွာတွေ အလုပ်အကိုင်တွေကို စွန့်ခွာပြီး နေ့စဉ်ရက်ဆက် ထွက်ပြေးနေရတဲ့ သတင်းတွေကို ကျနော်တို့ ကြားသိနေရတယ်။ ပြီးရင် အသက်သေဆုံးမှုတွေကို နေ့စဉ်ရက်ဆက် ကြားနေရတယ်။ ဒဏ်ရာရရှိမှုတွေကို ကြားသိနေရတယ်။ အဲဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူတွေက လုံလုံခြုံခြုံမှာနေရတဲ့ အခြေအနေမှာ မရှိသေးဘူးလို့ မြင်တယ်။ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတဲ့ အခြေအနေမျိုးပဲ မြင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲတခုမှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရဖို့က အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အခုဖြစ်ပွားနေတဲ့ အခြေအနေကို ခြုံပြီးပြောရမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ မဲပေးလို့ရနိုင်တဲ့ အခင်းအကျင်းမှာ ရှိမနေသေးဘူးလို့ မြင်တယ်လို့ ကျနော်ပြောလိုတယ်။”

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့တဲ့ ပြည်နယ်တွင်း အင်အားကြီးပါတီတခုလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အခုလက်ရှိ စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွင်း ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဇန်နဝါရီလဆန်းပိုင်း ကတည်းက လူဦးရေစာရင်း လိုက်လံကောက်ယူနေတာတွေ ရှိနေပါတယ်။

2 months Ago

January 3, 2023

ဦးဝီရသူအပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ ရသူများကို အကြမ်းဖက်စစ်ခေါင်းဆောင် ဆုချီးမြှင့်

အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဦးဝီရသူနဲ့ ဒေါက်တာအေးမောင်အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရသူတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က   ဇန်နဝါရီ  ၂ ရက်က နေပြည်တော်မှာ အခမ်းအနားနဲ့ ဆုပေးအပ်ခဲ့ပါတယ်။

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တွေကို ဇန်နဝါရီ ၁ ရက်ကတည်းကစတင် ပေးအပ်နေရာမှာ ဘွဲ့ရသူတွေများလွန်းလို့ တရက်တည်းနဲ့ ဆုပေးပွဲမပြီးစီးတဲ့အတွက် နောက်တရက်မှာလည်း တနေကုန်နီးပါး ဆုပေးပွဲကို ဆက်လက် ကျင်းပခဲ့ရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်မှာ လုံခြုံရေးတင်းကျပ်ပြီး တံခါးပိတ်ကျင်းပခဲ့တဲ့ ဆုပေးပွဲ ဒုတိယနေ့မှာတော့   သီရိပျံချီဘွဲ့ရရှိသူ(၁၆၈)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ(၁၅၃)ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိ သူ(၁၈)ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ(၅)ဦးတို့ကိုပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူလူထု ဆင်းရဲကျပ်တည်းပြီး တိုင်းပြည်စီးပွားရေးဆိုးရွားနေချိန်မှာ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် ထောက်ခံမှုရဖို့အတွက်  အမေရိကန်  ဒေါ်လာ သန်း ၃၃ သန်းကျော်ပမာဏနဲ့ ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်   ၇ ဘီလီယံကျော်အသုံးပြုပြီး သူ့ကိုယ်သူအပါအဝင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများပေးအပ်နေတာဖြစ်ပါတယ်။

Photo-DSINFO

2 months Ago
Up