ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ အခြေကုပ်စခန်းတခုဖြစ်တဲ့ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ ၈ ရက်ကစတင်ပြီး တပ်စခန်းအတွင်းတပ်စွဲထားတဲ့ ခမရ- ၅၅၇ တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ပြီးရိက္ခာဖြတ်တောက်ကာ KNLA တပ်ရင်း ၁၈၊ ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တွေက စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့သလို MA ကျည်ဘောက် ၁၇ ခု၊ 9 MM ၄၄ တောင့်၊ M16 ကျည်ဘောက် ၄ ခု၊ sinper ကျည်ဘောက် ၃ ခု၊ 60 MM ၁၂ လုံး၊ 73 MM ၁၁ လုံး၊ အီနာဂါ ၁ လုံး၊ 40 MM ၁၀ လုံး၊ BA109 လက်ပစ်ဗုံး ၂ လုံး၊ 73 ယမ်းတောင့် -၅ တောင့်၊ စက်လက်ကျည် ၂၂၉ တောင့်၊ AKကျည်ဘောက်ဝိုင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၃ လုံး၊ 5.56 ကပစကျည် ၂၂၂၃ တောင့်၊ စိန်ပြောင်းချိန်သီး ၁ ခု၊ MA 5 ကျည် ၂ တောင့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါအပြင် RPG ၂ လက်၊ BA 100 စိန်ပြောင်း ၁ လက်၊ ငါးကြင်းမြီးစက်လက် ၁ လက်၊ ပြောင်းပို ၁ ခု၊ AK ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ MA4.MAK ပူးတွဲ ၁ လက်၊ MA1 ၂ လက်၊ MA3 ၂ လက်၊ MA5 ၂ လက်၊ MG3 ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူကထုတ်ပြန်ထားပါတယ်။
ကေအန်ယူထိန်းချုပ်နယ်မြေတွေအတွင်း တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို စစ်ကောင်စီက တဖက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး တိုင်းရင်းသားဒေသတွေကို စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေပါတယ်။
နွေဦးတော်လှန်ရေး ကဗျာစာအုပ် ဒုတိယအကြိမ်ထွက်လာပြီး ဒီနေ့ကစလို့ မှာယူနိုင်ပြီဖြစ်ပါတယ်။
ရလာတဲ့ အကျိုးအမြတ်တွေကို လက်နက်ခဲယမ်းဝယ်ယူဖို့သုံးစွဲမှာဖြစ်ပြီး စာအုပ်ကို ကြိုတင်အမှာစနစ် (Pre Order) နဲ့ ဝယ်ယူရမှာပါ။
"ဖုန်းသုံးလို့မရတဲ့ ကာလတလျှောက် ကျနော်အပါအဝင် ရဲဘော်တွေက သူတို့ရဲ့ခံစားချက် အလွမ်းအဆွေးတွေကို စာရွက်နဲ့ရေးပြီး စားရိပ်သာနံရံမှာ လာရေးကပ်ထားကြတယ်။ အဲဒီစာမူတွေကိုစုပြီး ပထမအကြိမ်အဖြစ် အုပ်ရေ ၅၀၀ ကို ၂၀၂၂၊ ဇွန်လ ၃ ရက်နေ့က ဖြန့်ခဲ့တာကုန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ခု ဒုတိယအကြိမ် အုပ်ရေ ၁၀၀၀ ထပ်ရိုက်တာပါ" လို့ စာအုပ်စီစဉ်သူ မဟာချိုက ပြောပါတယ်။
ဒီစာအုပ်မှာ ပါဝင်ရေးသားခဲ့တဲ့ ရဲဘော်တချို့ကတော့ ကျဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် သူတို့ရေးသားခဲ့တဲ့ ကဗျာလေးတွေကိုတော့ သမိုင်းမှတ်တမ်းအနေနဲ့ အမှတ်ရစရာ ချန်ထားရစ်ခဲ့ပါတယ်လို့လည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
ကဗျာပုဒ်ရေ ၁၃၀၊ စာမျက်နှာ ၂၀၀ နီးပါးရှိတဲ့ ဒီစာအုပ်တအုပ်ကို ဘတ် ၂၅၀ သတ်မှတ်ထားပြီး ဝယ်ယူအားပေးဖို့အတွက် အမေရိကားကနေ မှာယူမယ်ဆိုရင် Zawana A Shin၊ ထိုင်းနိုင်ငံအတွက် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစု၊ FriendGoalBestproject၊ ထိုင်းနဲ့ မလေးရှားနိုင်ငံအတွက် KO Win KO (ဒေါနကိုဝင်း တပ်ခွဲ ၄ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ)၊ မလေးရှားနိုင်ငံအတွက် ပီနန်းရောက်အမှန်တရားချစ်မြတ်နိုးသူများအဖွဲ့၊ စင်္ကာပူနိုင်ငံအတွက် Naing Naing Thwe ဖေ့စ်ဘွတ်ခ်အကောင့်တို့ဆီ ဆက်သွယ်နိုင်သလို ဒေါနစစ်ကြောင်းတပ်ခွဲ(၄)တပ်ခွဲမှူး Ko Zay ဖေ့စ်ဘွတ်ခ်အကောင့်၊ တောင်ပိုင်းရဲဘော်တွေရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်၊ Mahar Cho ဖေ့စ်ဘွတ်ခ်အကောင့်တို့ဆီကိုလည်း ဆက်သွယ်လို့ရပါတယ်။
လောလောဆယ် ကြိုတင်အမှာစနစ်အနေနဲ့ပဲရောင်းချနေတာဖြစ်ပြီး စက်တင်ဘာ ဒုတိယအပတ်အတွင်းမှာ စတင်ပေးပို့သွားမယ်လို့လည်း သိရပါတယ်။