ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဟွေ့ခဝမ်နယ်မြေ၊ ရာ့ချ်ဒါးဖိဆစ်လမ်းထဲမှာ မတ် ၂၂ ရက်က ရေတိုင်ကီတက်ဆေးတဲ့ မြန်မာနဲ့ ထိုင်းအလုပ်သမား ၂ ဦး ဓာတ်လိုက်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မနေ့ နေ့လယ်ပိုင်းက ရာ့ချ်ဒါးဖိဆစ်လမ်း ရုန့်ရိန်းလမ်းသွယ်ထဲရှိ ကွန်ဒိုမီနီယံတိုက်တလုံးပေါ်မှာ အလုပ်လုပ်ရင်း သတိလစ် မေ့မျောသွားသူရှိကြောင်း အကူအညီ တောင်းလာတဲ့အတွက် နယ်မြေရဲတပ်ဖွဲ့နဲ့အတူ ချက်ချင်း သွားရောက်ကူညီခဲ့တယ်လို့ ကသန်ယူဖောင်ဒေးရှင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါနေရာဟာ ၉ ထပ်တိုက်ရဲ့ အပေါ်ဆုံး လေသာဆောင်မှာဖြစ်ပြီး ၇ မီတာခန့်မြင့်တဲ့ ရေစင်ပေါ်က အင်္ဂတေနဲ့ဆောက်ထားတဲ့ ရေတိုင်ကီထဲမှာ အလုပ်သမား ၂ ယောက် သတိလစ်နေတာလို့ ဆိုပါတယ်။
အဆိုပါ အလုပ်သမား ၂ ယောက်မှာ အသက် ၅၀ နှစ်အရွယ်ရှိ နိုင်းမိန်ဆိုသူ ထိုင်း ၁ ဦးနဲ့ အသက် ၄၅ နှစ်အရွယ်ရှိ ကိုကြည်စိုး (ထိုင်းအသံထွက်ခန့်မှန်းအမည်) ဆိုသူတို့ဖြစ်ပါတယ်။
ဒီမတိုင်ခင်က သူတို့ဟာ တိုင်ကီထဲဝင်ပြီး သန့်ရှင်းရေးလုပ်နေကြောင်း၊ နိုင်းချိုင်းဝပ်ဆိုသူ လုပ်ဖော်ကိုင်ဘက် အလုပ်သမားတယောက်က အောက်ထပ်မှာရှိနေပြီး သူတို့ ၂ ယောက်ဟာ တိုင်ကီသန့်ရှင်းရေးလုပ်တာ ၁ နာရီကြာတဲ့အထိ ဆင်းမလာတဲ့အပြင် ရေပိုက်ခေါင်းဖွင့်တော့ ရေမလာလို့ မသင်္ကာတာနဲ့ အပေါ်ထပ်ကို လိုက်လာရာမှာ တိုင်ကီထဲ မေ့မျောနေတဲ့ သူတို့နှစ်ယောက်ကို တွေ့လို့ မီးပလပ်ဆွဲထုတ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို လှမ်းပြီး အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့နှစ်ဦးကို အောက်ကိုသယ်လာပြီး အသက်ပြန်ရှူအောင် ကြိုးစားလုပ်ဆောင်ပေးခဲ့ပေမဲ့ မရတော့ဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါတိုင်ကီထဲမှာ ရေစုတ်စက်၊ လျှပ်စစ်မီးပလပ်ပေါက်နဲ့ ဝိုင်ယာကြိုးတွေပါ တွေ့ရှိလို့ ဓာတ်လိုက်ခံရပြီး သေဆုံးတာလို့ ကနဦးယူဆပြီး အလောင်းကို ရာမဓိပတိဆေးရုံ ပို့ဆောင်ထားကာ ဆက်လက်စစ်ဆေးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
Ref: ThaiRath
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၈ ရက် မနက်ပိုင်းက ကရိန်းယာဉ်မောင်းသူ တယောက် ဓာတ်လိုက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၁၈ ရပ်ကွက် ဦးချစ်ဝန်မင်းကြီးလမ်းမှာ ကရိန်းကား နှစ်စီး နဲ့ ကုန်သေတ္တာတွေကို တင်ဆောင်နေချိန် ဓာတ်ကြိုးနဲ့ ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း သေဆုံးကာ အလုပ်သမား သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနက် ၁၁ နာရီလောက် ကွန်တိန်နာတွေကို ကရိန်းကား နှစ်စီးနဲ့ အတင်အချလုပ်နေတာ။ အဲဒီမှာ ကရိန်းကားမောင်းတံက ဓာတ်ကြိုးကိုထိပြီး အလုပ်လုပ်နေတဲ့သူ လေးယောက် ဓာတ်လိုက်တော့တာပဲ။ ကရိန်းမောင်းတဲ့သူကတော့ အတော်အခြေနေဆိုးတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ဓာတ်လိုက် ဒဏ်ရာရခဲ့တဲ့ အလုပ်သမား လေးယောက်ကို ရွှေပြည်သာမြို့နယ် လူမှုကူညီ ကယ်ဆယ်ရေး မော်တော်ယာဉ်တွေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ အမျိုးသားက ပြောပါတယ်။
“ကရိန်းကားမောင်းတဲ့သူကတော့ ဆေးကုသ ပေးနေတုန်း ဆုံးသွားတယ်။ နောက်တယောက်ကလည်း စိုးရိမ်ရတယ်။ ကျန်နှစ်ယောက်ကတော့ အခြေအနေ ကောင်းတယ်” လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၄ ရက်ကလည်း ဆောက်လက်စ အဆောက်အအုံရဲ့ အနောက်ဘက်ခြမ်း ပြိုကျခဲ့လို့ လုပ်ငန်းခွင်ထဲက အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီးတယောာက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဓါတ်ပုံ ကူညီကယ်ဆယ်ရေးအဖွဲ့