စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သူတို့ရဲ့ ရှေ့နေတွေအပါအဝင် မိသားစုဝင်လည်း တွေ့ခွင့်မရဘူးလို့ တရားရေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက“အန်တီ(ဒေါ်အောင်ဆန်းကြည်)နဲ့ရော၊ အန်ကယ် (သမ္မတဦးဝင်းမြင့်)နဲ့ရော တွေ့ခွင့်တောင်းထား တယ်။ အထူးသဖြင့် အန်တီနဲ့ပေါ့။ ခုချိန်ထိ တွေ့ခွင့်မပေးဘူး။ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မပေးဘူး၊ သူ့မိသားစုတွေနဲ့လည်း ပေးမတွေ့ဘူး”လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် တွေ့ခွင့်မရတဲ့အပေါ် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
တရားရေးနဲ့နီးစပ်သူတစ်ဦးက“စိုးတော့ စိုးရိမ်တယ်၊ ဘာလို့လည်းဆို အသက်တွေက ၇၀ ကျော်ပြီလေ။ အန်ကယ် ဦးဝင်းမြင့်ဆိုလည်း သူ့မိသားစုနဲ့ မတွေ့ရဘူး၊ ပစ္စည်းလောက်ပဲ ပို့ခွင့်ရတယ်။ တောင်ငူထောင်ရောက်ကတည်းက ပေးမတွေ့တော့ဘူး” လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ရဲ့အမှုတွေအားလုံး အမိန့်ချပြီးဖြစ်ပေမယ့် အမှုတွေအားလုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတဲ့အတွက် တွေ့ခွင့်တင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက တွေ့ခွင့်တင်ထားတာ။ အမှုတွေကလည်း အယူခံတင်ထားတဲ့အတွက် တွေ့ခွင့်တင်တာ၊ အဲဒါထက် သူတို့ ဘာတွေ ညွှန်ကြားချင်လည်း အဲဒါအတွက်တင်တာပါ”လို့ တရားရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချထားတာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ထောင်ဒဏ်တွေထပ်မံ စီရင်လိုက်တာဟာ နိုင်ငံရေးလောကမှ ဖယ်ထုတ်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဥရောပသမဂ္ဂ အီးယူက ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီရဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက မနေ့က ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ) ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်တာပါ။
နိုင်ငံခေါင်းဆောင်နှစ်ဦးအပေါ် စစ်ကောင်စီက အပြီးသတ် စီရင်ချက်မှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒီစစ်ဆေးစီရင်မှုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်း ဒါမှမဟုတ် လိုအပ်တဲ့ တရားစီရင်ရေးဆိုင်ရာ အာမခံချက်တွေကို လေးစားလိုက်နာခြင်းမရှိခဲ့ဘဲ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလောကမှ ဖယ်ထုတ်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ကြေညာချက်မှာပြောပါတယ်။
ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံတွင်း ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထပ်မံ ထင်ဟပ်နေကြောင်းနဲ့ ဒါဟာ လွန်ခဲ့တဲ့ ၁၃ လတာကာလအတွင်း နိုင်ငံရေးလှုံ့ဆော်မှုသက်သက်နဲ့ တရားစီရင်ခဲ့တာတွေ အပြီးသတ် နိဂုံးချုပ်ခဲ့တာလို့ ဆိုပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမှသာလျှင် တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ နက်ရှိုင်းတဲ့ အကျပ်အတည်းမှ လွတ်မြောက်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်မယ်လို့ ဆိုပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရတွေအတွက် အလွန်စိုးရိမ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဥရောပသမဂ္ဂက ထပ်မံ တောင်းဆိုထားပါတယ်။