နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အားလက်စ် ဘီယဲလီယက်စကီးဟာ ဇန်နဝါရီ ၅ ရက်က ဘယ်လာရုစ်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်တဲ့အမှုနဲ့ တရားရင်ဆိုင်ခဲ့ပါတယ်။
Viasna လူ့အခွင့်အရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ အသက် ၆၀ အရွယ် နိုဘယ်လ်ဆုရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဘယ်လာရုစ် နိုင်ငံသားတွေထဲက တဦးဖြစ်ပါတယ်။
မနှစ် အောက်တိုဘာလမှာ ရုရှားလူ့အခွင့်အရေးအဖွဲ့ မန်မိုရီရယ်နဲ့ ယူကရိန်း ပြည်သူ့လွတ်လပ်ရေးစင်တာတို့နဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့တဲ့ ဘီယဲလီယက်စကီးဟာ ၂၀၂၁ ခုနှစ်မှာ Viasna လူ့အခွင့်အရေးအဖွဲ့က လုပ်ဖော်ကိုင်ဘက် နှစ် ဦးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
သူတို့ ၃ ဦးဟာ ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့မှုအပြင် ငွေကြေးမှောင်ခိုမှုတို့နဲ့အတူ ထောင်ဒဏ် ၇ နှစ်ကနေ ၁၂ နှစ်အထိ ကျခံရနိုင်တဲ့ စွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘီယဲလီယက်စကီးက အဲဒီစွပ်စွဲချက်တွေအပေါ် လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသလို သူ့ရဲ့ရှေ့နေကိုလည်း ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်မပြောဖို့ တားမြစ်ထားပါတယ်။
သူ့ရဲ့မိတ်ဆွေတွေကတော့ ဒီအမှုဟာ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် နိုင်ငံရေးအရ ဒဏ်ခတ်ခံရမှုလို့ ရှုမြင်ကြပါတယ်။
ဘယ်လာရုစ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ၄ ယောက်မြောက် လူအခွင့်အရေး ကာကွယ်သူ တဦးကိုတော့ အလားတူပြစ်မှုတွေအတွက် မျက်ကွယ်တရားစီရင်မှာ ဖြစ်ပါတယ်။
ဒီတရားခွင်မှာ တရားသူကြီးက ရုရှားဘာသာအစား ဘယ်လာရုစ်ဘာသာနဲ့ ရုံးတင်စစ်ဆေးဖို့ ငြင်းပယ်ခဲ့ပြီး ဘီယဲလီယက်စကီးရဲ့ ဘာသာပြန်တဦး တောင်းဆိုမှုကိုလည်း ပယ်ချခဲ့တယ်လို့ Viasna အဖွဲ့က တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက အာဏာရရှိခဲ့တဲ့ သက်တမ်းရှည်ခေါင်းဆောင် အလက်စ်ဆန်းဒါး လူကာရှန်ကိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိတယ်လို့ အတည်ပြုချိန်မှာပဲ ဆန္ဒပြပွဲအများအပြား ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး Viasna လူအခွင့်အရေးအဖွဲ့က လက်ရှိ ရာနဲ့ချီပြီး ထောင်ကျနေတဲ့ ဘယ်လာရုစ်နိုင်ငံသားတွေအတွက် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးအရပါ ထောက်ပံ့ခဲ့ပြီး ဦးဆောင်မှုကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
လူ့အခွင့်အရေးကာကွယ်သူ မိတ်ဘက်တွေက ဘီယဲလီယက်စကီးနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို “နိုင်ငံရေးအကျဉ်းသားတွေ” အဖြစ် သတ်မှတ်ခဲ့ပြီး ဘယ်လာရုစ် အကျဉ်းထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ အားပေးထောက်ခံသူတွေက ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံအား R2P နဲ့ အရေးယူဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက နိုင်ငံသမ္မတဟောင်း ဒီကလဒ်က မတ် ၂၉ ရက်နေ့ နေ့စွဲနဲ့ စာရေးသား တောင်းဆိုလိုက်ပါတယ်။
သမ္မတဟောင်း ဒီကလတ်ခ်က "မတ်လ (၈) ရက်နေ့က GLF အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဟယ်လင်ကလတ်ခ် ရေးလိုက်တဲ့စာကို သတိရမယ်ထင်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ် ရဲ့ အပိုဒ် (၉၉) ကို အသုံးပြုဖို့၊ အဲဒီစာထဲမှာ တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူအများအပြားကို တိုးမြှင့်သတ်ဖြတ်လာတဲ့အခါမှာ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ထံကို မတ်လ ၂၄ ရက်နေ့က နောက်ထပ်စာတစ်စောင်ကို ထပ်ပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို R2P သုံးပြီးဖြေရှင်းဖို့ အဲဒီစာမှာ ရေးထားပါတယ်" လို့ အစချီပြီး ရေးသားထားတာပါ။
အလားတူပဲ "အထွေထွေ အတွင်းရေးမှူးချုပ်ခင်ဗျား။ မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံအတွင်းမှာ လူအမြောက်အမြားကို ထပ်မံသတ်ဖြတ်လိုက်ပါတယ်။ တစ်ရက်တည်းမှာပဲ လူ ၁၀၀ ကျော်သတ်ဖြတ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ရေတွက်မယ်ဆိုရင် စုစုပေါင်း လူဦးရေ ၄၀၀ ကျော်သတ်ဖြတ်ခံလိုက်ရပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ကျနော်ဖတ်ရပါတယ်။ ကလေးသူငယ်တွေ၊ လူငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်တဲ့အပေါ် အပြင်းအထန် ရှုတ်ချ ပြစ်တင်ထားတာ အဲဒီထုတ်ပြန်ချက်မှာ ဖတ်ရပါတယ်။ စစ်ကောင်စီက အဲဒီလို အကြီးအကျယ် သတ်ဖြတ် နှိမ်နင်းနေတာတွေဟာ ခင်ဗျားရဲ့ ထုတ်ပြန်ချက်မှာ ရေးထားတဲ့အတိုင်း လက်ခံစရာ မရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက ညီညီညွတ်ညွတ် စုပေါင်းပြီးတော့ တုံ့ပြန်ချက်တစ်ခုကို အခိုင်အမာ လုပ်ဆောင်ဖို့နဲ့ ဒီအခြေအနေဆိုးကြီးကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပါတယ်" လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကမ္ဘာကြီးမှာ အရပ်သားတွေကို စစ်တပ်က သတ်ဖြတ်နေတာမျိုးဟာ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ မြင်တဲ့အကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စရပ်ကို မျက်စိမှိတ်ထားလို့ မရဘူးလို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်တုန်းက ကမ္ဘာ့ထိပ်သီး ညီလာခံမှာ သဘောတူချမှတ်ခဲ့တဲ့ R2P အခြေခံမူဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုသုတ်သင်မှု၊ လူ့အသိုင်းအဝိုင်းကို သုတ်သင် သတ်ဖြတ်တဲ့ ရာဇဝတ်မှု၊ ဒါတွေကို မဖြစ်အောင် ကာကွယ်ဖို့ ချမှတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်း ဖော်ပြပါရှိပါတယ်။
"အစိုးရ တရပ်အနေနဲ့ မိမိတို့ရဲ့ ပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပျက်ကွက်တဲ့အခါမျိုးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိတယ်လို့ R2P အခြေခံ မူဝါဒမှာ ဖော်ပြထားပါတယ်။ R2P ဆောင်ရွက်ဖို့အတွက် အမှုကိစ္စတစ်ခု ရှိတယ်ဆိုရင် အဲဒီအမှုကိစ္စဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီကို ဒီလိုသတ်ဖြတ်မှုမျိုး ဆက်လုပ်နေဖို့ ခွင့်မပြုသင့်ပါဘူး။ မြန်မာပြည်သူတွေရဲ့ အလိုဆန္ဒကို ဆန့်ကျင်တားဆီးတာမျိုး ခွင့်မပြုသင့်ပါဘူး။ ဒီလို လုပ်နေတာမျိုးကို ရပ်တန့်သွားအောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂမှာ တာဝန်ရှိပါတယ်" လို့ ဆိုပါတယ်။
ဒါကြောင့် အရေးပေါ် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ဖို့အတွက် ကုလသမဂ္ဂ ပဋိညာဉ်အပိုဒ် ၉၉ ကိုသုံးဖို့နဲ့ လုံခြံရေးကောင်စီက R2P ချမှတ်ဖို့ GLF အဖွဲ့ကိုယ်စား သမ္မတဟောင်းအနေနဲ့ တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။
အခုရေးသားတဲ့စာကို GLF (Global Leadership Foundation) ဥက္ကဋ္ဌအနေနဲ့ ရေးသားလိုက်ခြင်းဖြစ်ကြောင်း၊ GLF အဖွဲ့ဟာ ၂၀၀၄ က ဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာအနှံ့အပြားက နိုင်ငံအကြီးအကဲဟောင်း ၄၅ ဦးနဲ့ ဖွဲ့စည်းထားပြိး သူတို့ဟာ လက်ရှိ နိုင်ငံအကြီးအကဲတွေကို တိုက်ရိုက်အကြံပေးနိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဟောင်း ဒီကလတ်ခ်အနေနဲ့ အခုစာကို GLF ရဲ့ website မှာ တင်သွားမှာဖြစ်သလို ဖြန့်လည်ဖြန့်ချိမယ်လို့လည်း အသိပေးထားပါတယ်။