မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်ဟာ သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၈ ရက်က ပန်တဂွန် စစ်ဌာနချုပ်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သူတို့ရဲ့ အစည်းအဝေးအတွင်း အော်စတင်က ရုရှားနဲ့ ယူကရိန်းကြား ဖြစ်ပွားနေဆဲ ပဋိပက္ခကို ဆက်ပြီးစောင့်ကြည့်ဖို့ နေတိုးအဖွဲ့ရဲ့ ဆက်လက်စည်းလုံးညီညွတ်မှုကို ချီးကျူးခဲ့ပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့ အဖွဲ့ဝင်ဖြစ်လာရေး နေတိုးရဲ့ မဟာမိတ်အင်အား တိုးချဲ့ဖို့ကိုလည်း မျှော်လင့်နေတယ်လို့ အော်စတင်က ပြောပါတယ်။
အမေရိကန်ရဲ့ ဆက်လက်ကတိတည်မှုကို ကျေးဇူးတင်ကြောင်း စတော့တန်ဘာ့ဂ်က ပြန်ပြောပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကို ရေရှည်ထောက်ပံ့ဖို့ ပြင်ဆင်ရမယ်လို့လည်း သူက သတိပေးပါတယ်။
အစောပိုင်းက စတော့တန်ဘာ့ဂ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ဆုံပြီး ရုရှားဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးယူဖို့ ပြင်ဆင်နေတဲ့ အရိပ်လက္ခဏာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
နျူကလီးယားလျှော့ချရေး သဘောတူညီချက် START စာချုပ်အောက်မှာ ပြုထားတဲ့ ကတိတွေကို ဖြည့်ဆည်းဖို့ အရင်အပတ်က နေတိုးက ရုရှားကို ဆော်ဩခဲ့ပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က တရုတ်ဟာ သူ့စစ်တပ်ကို အခိုင်အမာတည်ဆောက်နေပြီး ဒေသတွင်း သူ့အာဏာကို အခိုင်အမာရယူဖို့ ကြိုးပမ်းနေတယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ သတိပေးလိုက်ပါတယ်။
လုံခြုံရေးအခြေအနေ ပိုတင်းမာလာချိန်မှာ ဂျပန်အစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဂျပန်နိုင်ငံဆီ သွားရောက်လည်ပတ်ချိန်မှာ ခုလိုပြောလိုက်တာပါ။
တရုတ်ပြည်မကြီးအစိုးရဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ နျူးကလီးယားလက်နက်တွေ အပါအဝင် သူ့ရဲ့စစ်အင်အားကို အခိုင်အမာ တည်ဆောက်နေတယ်၊ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ဖို့နဲ့ ထိုင်ဝမ်ကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းနေတယ်လို့ တိုကျိုမြို့တော်က ခဲအိအို တက္ကသိုလ်က မိန့်ခွန်းနဲ့ ဆွေးနွေးမှုအခမ်းအနားမှာ စတော့တန်ဘာ့ဂ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ရန်သူမဟုတ်ဘဲ ဘုံအကျိုးစီးပွားအတွက် ဖြစ်နိုင်ခြေရှိတဲ့ နယ်ပယ်တွေမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့လည်း သူကဆိုပါတယ်။
“တချိန်တည်းမှာပဲ ကျနော်တို့ဟာ ကျနော်တို့ရဲ့လုံခြုံရေး၊ ကျနော်တို့ရဲ့ တန်ဖိုးတွေနဲ့ အကျိုးစီးပွားအပေါ် တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ထုတ်ဖော်မပြရင် ကျနော်တို့ တာဝန်ပေါ့လျော့ရာ ကျလိမ့်မယ်” လို့ စတော့တန်ဘာ့ဂ်က ပြောပါတယ်။
စတော့တန်ဘာ့ဂ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒတို့ဟာ ရုရှားရှဲ့ ယူကရိန်းကိုကျူးကျော်မှု၊ တရုတ်နဲ့ ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာတာတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တင်းမာမှုအရှိဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့တယ်လို့ ပြောရင်း ဆက်ဆံရေးအားဖြည့်ဖို့ ကတိပြုခဲ့ကြပါတယ်။
တရုတ်ပြည်မကြီးအစိုးရက စစ်ရေးစွမ်းရည်နဲ့ပတ်သက်ပြီး နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်ရဲ့ ပြောဆိုချက်အပေါ် ချဲ့ထွင်ပြောနေတာသာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁ ရက်က တုံ့ပြန်ရင်း ပယ်ချလိုက်ပါတယ်။
နေတိုးအဖွဲ့အကြီးအကဲက တရုတ်နိုင်ငံဟာ ရန်သူမဟုတ်ဘူးလို့ ပြောပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းတဲ့ အပြုအမူကို ပြသပြီး ထိုင်ဝမ်ကို ခြိမ်းခြောက်ရင်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေဆီအထိ ရောက်နိုင်တဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေကို ဖော်ဆောင်ပေးရင်း ပိုပိုပြီး အာဏာရှင်ဆန်လာနေတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေတိုးရဲ့ ဒေသတွင်း မိတ်ဘက်တွေနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ အားကောင်းလာတာနဲ့ “စစ်အေးတိုက်ပွဲ စိတ်ဓာတ်” တို့ကို အာရှ-ပစိဖိတ်ဒေသမှာ မကြိုဆိုဘူးလို့လည်း ပြောပါတယ်။
“တရုတ်နိုင်ငံဟာ ကမ္ဘာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို အမြဲတမ်း ခုခံကာကွယ်နေတာပါ။ နေတိုးအနေနဲ့ ဥရောပလုံခြုံရေးကို ထိန်းသိမ်းရာမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကို အလေးအနက် စဉ်းစားသင့်ပါတယ်” လို့ ဘေဂျင်းမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မောနင်က ပြောပါတယ်။
အာရှမှာ မဟာမိတ်တွေတိုးချဲ့ဖို့ နေတိုးရဲ့ ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ရုရှားက နေတိုးရဲ့ တိုးချဲ့မှုကို သူ့လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် ထပ်ခါတလဲလဲ ရှုတ်ချခဲ့ဖူးပါတယ်။