close

နေရပ်စွန့်ခွာထွက်ပြေးရသူ

close

April 19, 2023

စစ်အာဏာသိမ်းအပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းခွဲခန့်ရှိလာဟု ကုလထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၈ သန်း ကျော်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အဲဒီထဲကမှ လူဦးရေ ၁ သန်းခွဲလောက်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြ ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကြိမ်ဖန်များစွာလေကြောင်းတိုက်ခိုက်မှုတွေပါဝင်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ ပြည်နယ်နဲ့တိုင်း‌ဒေသကြီးအများအပြားမှာ၊ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်၊ အရှေ့တောင်ဘက်နဲ့ ကချင်ပြည်နယ်မှာ အစီရင်ခံနေစဥ်ကာလအတွင်း ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအတွင်း ကောင်းမွန်ခြင်းမရှိသေးတဲ့ လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေတွေကို ဆက်လက်ဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဧပြီ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

2 weeks Ago

January 6, 2023

တနင်္သာရီတိုင်း၌ တလအတွင်း တိုက်ပွဲ ၄၆ ကြိမ်ဖြစ်၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၇၀၀၀ ကျော်ရှိ

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ လတာအတွင်း တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၇၀၀၀ ကျော်ရှိခဲ့တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု စာရင်းမှာတော့ သေဆုံးသူ ၁၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက် ရှိခဲ့ပြီးတော့ ပုလောမြို့နယ်ထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အရပ်သားနေအိမ်အလုံး ၆၀ ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပိုပြီးတော့ လိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ ပေးပို့နိုင်ဖို့အတွက်လည်း အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ခုလိုကာလမှာ အမိုးအကာနဲ့ အနွေးထည်၊ စောင် စတဲ့ အဝတ်အထည်တွေ အလုံအလောက်ရရှိနိုင်ဖို့ လိုအပ်နေသလို တဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ အိမ်ထောင်စုတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ မတရားချုပ်နှောင်တာတွေအပါအဝင် တနင်္သာရီဒေသတွင်း ခရိုင်အားလုံးမှာ စစ်တပ်အင်အား တိုးမြှင့်ချထားတာတွေကိုလည်း လုပ်ဆောင်လာနေခဲ့တယ်လို့ Southern Monitor အ ဖွဲ့က ပြောပါတယ်။

Southern Monitor အဖွဲ့ကတော့ တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်ပါတယ်။

လတ်တလော အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

4 months Ago
Up