close

နေရပ်ပြန်

close

March 26, 2023

နေရပ်ပြန်လာချင်သည့် ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်သာရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအစီအစဉ်နဲ့ ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေရာမှာ  မြန်မာသို့ နေရပ်ပြန်လာချင်သူ  ၁၀၀  စာရင်းသာ ရရှိတယ်လို့  စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ထံက သိရပါတယ်။

နေရပ်ပြန်ဖို့ စာရင်းပေးထားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အိမ်ထောင်စုပေါင်း ၇၀ ဆယ်ကျော်၊ လူဦးရေ ၁၀၂၈ ဦးအနက် လူ ၄၀၀ လောက်က နေရပ်ပြန်ချင်ပေမဲ့ တကယ်တမ်းမှာ  လူ ၁၀၀ လောက်ကသာ  နေရပ်ပြန်ဖို့  သဘောတူခဲ့တယ်လို့ မတ် ၁၅ ရက်မှ မတ် ၂၁ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ခဲ့တဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ဘင်္ဂလားအစိုးရက စာရင်းပေးထားသူ အားလုံး ၁၀၂၈ ဦးပေါ့။ သူတို့ကို သွားရောက်စစ်ဆေးတဲ့ အခါ ၄၀၀ လောက်က မြန်မာကိုပြန်လာချင်ကြတယ်။ ဒါပေမဲ့ သူတို့ အသတ်ခံရမှာကို ကြောက် နေကြတယ်လို့ပြောကြတယ်။ မြန်မာကိုပြန်ချင်တဲ့သူတွေ အသတ်ခံနေရတယ်လို့ပြောကြတယ်။ လူ ၁၀၀ ကတော လုံးဝပြန်လာမယ်လို့ကတိပေးထားတယ်။”

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မြန်မာဘက်ပြန်လိုသူတွေကို မပြန်ဖို့ တားဆီးတာတွေရှိနေသလို သူတို့စကားနားမထောင်ပါက သတ်ဖြတ်မှုတွေပါရှိနေတာကြောင့် မြန်မာဘက်က ပြန်လည်လက်ခံရေး အစီအစဉ်တွေလုပ်နေပေမဲ့ တစ်ဦး တစ်ယောက်မှ ပြန်မလာရဲကြဘူးလို့  စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲဝင်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာကျပ်ငွေ ၅ ဘီလီယံ အကုန်ကျခံကာ စစ်ကောင်စီဘက်က  ပြင်ဆင်ထား​ပြီး Pilot Project (ရှေ့ပြေးစမ်း သပ်စီမံကိန်း)မှာ မွတ်ဆလင်ဦးရေ ၁,၅၀၀ လောက် ပြန်လည်လက်ခံဖို့ စီစဉ်ထားကြောင်း စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ပြန်ဝင်လာသူတွေကို မောင်တောတောင်ပိုင်း ကျေးရွာဟောင်းတွေမှာ ပြန်လည်နေရာချထားမှာ မဟုတ်ဘဲ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာဟောင်း ၁၅ ရွာမှာ နေရာချထားပေးမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက မြန်မာ့အလင်းသတင်းစာကို ပြောထားပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး "မောင်တော မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေ ရိုက်ထားပါတယ်။ သူတို့ ပြန်လည်လုပ်ကိုင်စားသောက်ဖို့အတွက် အဲဒီအနီးမှာ လယ်ယာမြေတွေလည်း အဆင်သင့်ရှိပါတယ်။ သူတို့ အသက်မွေးဝမ်းကျောင်းအတွက် ရေတိုရေရှည် ပြန်လည်လုပ်ကိုင်စားသောက်ဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာတွေကို လူသတ်ကွင်းဆီ ပြန်မပို့ဖို့ တောင်းဆိုထားပါတယ်။

4 weeks Ago

March 16, 2023

နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှ နေရပ်ပြန်မည်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆို

နေရပ်ပြန်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုခဲ့ကြကြောင်း ဒုက္ခသည်ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁၅ ရက်ကတည်းက မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး လူ ၁၀၀၀ ကျော်လောက်ကို  နေရပ်ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။  

ဒုက္ခသည်တဦးက "ကျနော်တို့ကတော့ သူတို့ဆီကအချက် ၃ ခုတောင်းဆိုခဲ့ကြတယ်။ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားထုတ်ပေးရမယ်။ မူလနေရာမှာပြန်ပြီး နေရာချပေးရမယ်။ တခြားတိုင်းရင်းသား ၁၃၅ မျိုးလို တရားမျှတမှုနဲ့ အသွားအလာ လွတ်လပ်ခွင့်ပေးရမယ်။လို့ တောင်းဆိုခဲ့တယ်။ သူတို့ကိုတော့ စစ်ကောင်စီက အခုအချိန်အထိ ဘာမှပြန်မပြောသေးဘူး။ သူတို့ ခွင့်မပြုရင် ပြန်မသွားနိုင်ဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီက ဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်တာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

နေရပ်ပြန်မယ့် စာရင်းမှာပါလာသူတွေကို မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ လ.ဝ.က မှတ်တမ်းတွေအရ ၇ ရက်ခန့် စစ်ဆေးသွားမှာဖြစ်ပြီး ပြန်လာချင်သူတွေကို  သူတို့အဖွဲ့နဲ့အတူ တပါတည်းခေါ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးက “သူတို့တောင်းဆိုတဲ့အချက်တွေကို လက်ခံရင် ပြန်လာမယ်လို့ သိရတယ်။ တောင်းဆိုချက်တွေ လက်မခံရင်တော့ လာဖို့မသေချာပါဘူး။ သူတို့ကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ လူတွေကို လိုက်ပြီးမေးနေတယ်။ ဒုက္ခသည်တွေကလည်း သူတို့ရဲ့အခြေအနေတွေကို စောင့်ကြည့်နေကြတယ်။ သူတို့တောင်းဆိုတာကို လက်ခံရင် လာကြမယ်။ လက်မခံရင် မလာဘူးလို့ သိရတယ်။ သူတို့အဖွဲ့ကတော့ ဘင်္ဂလားမှာ ၇ ရက် တစ်ပတ်လောက် ကြာမယ်လို့ ကြားသိရတယ်။ ခေါ်လာရင် သူတို့နဲ့ တစ်ခါတည်း ခေါ်မယ်။ အိမ်ထောင်စုကတော့ ၇၀၊ လူဦးရေ ၁၀၀၀ ကျော်လို့သိရတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တချို့ကတော့ နေရပ်ပြန်ဖို့ စာရင်းပေးထားတာတွေရှိနေပြီး အဲ့ဒီလူစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို ပေးပို့ထားသလို မြန်မာဘက်ကလည်း ပြန်လည်လက်ခံမယ့် လူစာရင်းကို ဘင်္ဂလာအစိုးရဆီ ပြန်လည်ပေးပို့ထားပြီးဖြစ်ပါတယ်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည် အိမ်ထောင်စု ၇၀ ဆယ်ကျော်လူဦးရေ ၁၁၄၀ ဦးရှိပြီး ဒီအထဲမှာ ဟိန္ဒူဒုက္ခသည် ၃၀၀ ကျော်ပါ ဝင်ကြောင်းသိရှိရပါတယ်။

လက်ရှိ ဒုက္ခသည် ၁၁၄၀ ထဲမှာ ၇၁၁ ​ဦးရဲ့ အချက်အလက်တွေကို စစ်ဆေး အတည်ပြုပြီးဖြစ်ပေမဲ့ ၄၂၉ ယောက်ရဲ့ စာရင်းတွေကို စိစစ်နေဆဲဖြစ်တယ်လို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံက သိရပါတယ်။

1 month Ago

နမ့်ခမ်းမြို့က စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့က ၁၀ နှစ်ကျော်ကြာ တိုက်ပွဲရှောင်ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်တချို့ မတ်လ ၁၅ ရက်နေ့က နေရပ်ပြန်နိုင်ကြပြီလို့ နေရပ်ပြန်ရေး အကူအညီပေးခဲ့တဲ့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်းအသင်းတော်များ အဖွဲ့ဆီက သိရပါတယ်။

အကူအညီပေးခဲ့တဲ့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့မှ တာဝန်ရှိသူ ၁ ဦးက “မော်ဆွေ၊ ယန်ဝူး၊ ကဒေါ့်ကောင်၊ မန်ကန်၊ ကျမ်းကား ရွာတွေက အိမ်ထောင်စု ၂၁ စု၊ နမ့်ခမ်းမြို့နယ်ထဲကပဲ။ NGOs တွေကကျတော့ ကျနော်တို့ထက် ပိုခက်ခဲတဲ့ နေရာတွေဘက်ပဲ ပို ကူညီထောက်ပံ့မှုတွေ လုပ်ရတော့မှာလေ” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ နှစ်ကြာလာတာနဲ့အမျှ ကူညီထောက်ပံ့မှု မရသလောက် ဖြစ်သွားတဲ့အပြင် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက မိမိတို့အစီအစဉ်နဲ့ နေရပ်ပြန်ဖို့ အများကြီး ပြင်ဆင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးအမျိုးကြောင့် အခုမှ ပြန်နိုင်တာလို့ ဆိုပါတယ်။

အကူအညီပေးခဲ့သူတဦးက “သူတို့ ရှောင်လာတာက ၂၀၁၁ ကတည်းက ဟုတ်ပြီ။ အခုမတ်လထဲ ၁၂ နှစ်ထဲဝင်တာ သုံးလ ရှိပြီ။ အခု ကျန်နေတဲ့သူတွေလည်း ဗန်းမော်ဘက်ကလူတွေပဲ ရှိတော့တယ်။ ကျနော်တို့ မုံးမောဝ်ဇုန်နယ်က (ဒေသခံတွေ) တော့ ကုန်သွားသလောက်ဖြစ်သွားပြီ” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက နမ့်ခမ်းမြို့ပေါ် တိုက်ပွဲရှောင်လာကြတာဖြစ်ပြီး လက်ရှိကျန်ရှိနေသေးတဲ့ စစ်ရှောင်တွေအနေနဲ့ လာမယ့် ဧပြီလ၊ မေလတွေထဲမှာလည်း နည်းနည်းချင်း၊ ဖြည်းဖြည်းချင်း နေရပ်ပြန်ကြဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ပွဲဖြစ်ပွားတာ မရှိတော့တာကြောင့် စိုးရိမ်ဖို့ မလိုတော့တာဖြစ်ပြီး နေရပ်ပြန်ဖို့ စီစဉ်ဆုံးဖြတ်ထားတာ ကြာပြီဖြစ်ပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ကြန့်ကြာနေကြရတာဖြစ်ကာ နေရပ်ပြန်ဖို့ နှောင့်နှေးတာလည်း မိသားစု အခြေခိုင်၊ အထိုင်ကျအောင် ပြန်လည်ထူထောင်ဖို့ နောက်ကျစေတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် KIA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ကာလအတော်ကြာ တိုက်ပွဲပြင်းထန်ခဲ့လို့ တိမ်းရှောင်လာကြရတာဖြစ်ပြီး ၁၂ နှစ်ကြာမှ နေရပ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

1 month Ago
Up