close

နွားသူခိုးအဖွဲ့

close

December 30, 2022

ပူတာအိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပါဝင်သည့် နွားသူခိုးအဖွဲ့ကို ဒေသခံများဖမ်းဆီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ပူတာအိုအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၃၈ က တပ်ဖွဲ့ဝင်တယောက် အပါအဝင် နွားသူခိုး ၃ ယောက်ကို  ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီခွဲလောက်မှာ ဒေသခံတွေ ဖမ်းဆီးခဲ့တယ်လို့  မျက်မြင်ရွာသားတဦးက  ပြောပါတယ်။

“ပူတာအိုကနေ ဇီးအွန်ရွာသွားတဲ့လမ်းမှာ ဂျူဗလီရွာခံတွေက ဖမ်းလိုက်တာ။ နွားသူခိုးအဖွဲ့မှာ ၁၃၈ တပ်က အရာရှိတယောက်နဲ့အတူ ပူတာအို အသားသတ်ခုံလိုင်စင်ရ လောပန်းတဦးနဲ့ သူ့တူလေးတဦး အဖမ်းခံရတာပါ။”

နွားသူခိုးအဖွဲ့ကို ပူတာအိုရဲစခန်းထံ လွှဲပြောင်းပို့ပေးလိုက်ပေမဲ့  ပြန်လွှတ်ပေးထားတယ်လို့ နောက်ထပ် မျက်မြင်တဦးက ပြောပါတယ်။

“စစ်တပ်ကအရာရှိကို ဖမ်းချုပ်ရသလားဆိုပြီး ရဲ‌တွေကို စစ်တပ်လူကြီးက ဆဲလိုက်တော့ ပြန်လွှတ်ပေးလိုက်တယ်။ ရဲစခန်းကိုလည်း လောပန်းမိသားစုဘက်က ငွေပေးလိုက်တာ တွေ့တယ်။”

ပူတာအို နွားသူခိုးအဖွဲ့ကို ပြန်လွှတ်ပေးလိုက်လို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ သူခိုးဖမ်းတဲ့အထဲ ပါဝင်သူတဦးက ပြောပါတယ်။

“စစ်တပ်အရာရှိဖြစ်သူပါလို့ ပြန်လွှတ်လိုက်တာလေ။ သူခိုးဖမ်းတဲ့သူတွေကိုတောင် ပြန်ဆဲတာ။ အဲ့လူတွေကြောင့် ပူတာအို နီးနာဝါချီရွာဘက်မှာ ၂ ပတ်အတွင်း နွား ၈ ကောင်ပျောက်တယ်။ စစ်တပ်က အဲ့ဘက်မှာလည်း မြေဧက ၅၀၀ ယူထားတာရှိတယ်။”

ပူတာအိုခရိုင်ဟာ အာဏာသိမ်းစစ်ကောင်စီဘက်က စိုးမိုးထားဆဲ ခရိုင်တခုဖြစ်လို့ ဒေသခံတွေ ခေတ်အဆက်ဆက် သတင်းအမှောင်ချခံရတဲ့ဒေသ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုခရိုင်မှာ မူးယစ်ဆေးသမားတွေနဲ့ သူခိုးတွေ ပိုမိုများပြားလာလို့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

7 mins Ago
Up