ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လတာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၁၀ ယောက်နဲ့ သံဃာ၊ သာသနာပြု ၄ ယောက် အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁၆ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
NUG အစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာနအနေနဲ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့အမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ အပါအဝင် အရပ်ရပ်သော ဥပဒေဆိုင်ရာ ချိုးဖောက်မှုတွေကို စာရင်းကောက်ယူ မှတ်တမ်းပြုစုနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလိုကျူးလွန်ချိုးဖောက်မှုတွေအပေါ် အမှန်တရားရှာဖွေဖော်ထုတ်တာ၊ တရားမျှတမှု ရရှိအောင် ဆောင်ရွက်တာ၊ ပြန်လည်ကုစားပေးတာ၊ ဖြစ်ရပ်ဆိုးတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေ စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်နိုင်ဖို့ စီမံနေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁ လတာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ အယောက် ၁၀၀ ကျော်ထဲမှာတော့ အမျိုးသမီးဦးရေ ၂၄ ယောက် ပါဝင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာတော့ စစ်ကိုင်းတိုင်းက အယောက် ၈၀ နဲ့ အများဆုံး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူအရေအတွက်ကတော့ ၃၇ ယောက် ရှိခဲ့ပြီး ပြည်သူ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် အလုံးရေ ၅,၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်သူတွေ၊ တော်လှန်ရေးအစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အာဏာသိမ်းဖြစ်စဉ် အတွင်း ဖြစ်ပွားနေတဲ့ ပြစ်မှုကျူးလွန်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မှတ်တမ်းတွေကို NUG အစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာနဆီ ပေးပို့နိုင်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီကျေးအုပ်စု၊ တနန်းဥကွိုင်ကျေးရွာက အသက် ၃၃ နှစ်အရွယ် ဦးဆေးဗျားထာကို ဇန်နဝါရီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ကာ လည်ပင်းကိုလည်း ဓားနဲ့လှီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဦးဆေးဗျားထာက သူအိမ်ကို ပြန်ပြီး ပစ္စည်းသွားယူတာ ရွာပြန်လမ်းမှာ စစ်တပ်က သေနတ်နဲ့ ပစ်ပြီး လည်ပင်းကို ဓားနဲ့လှီးပြီး သတ်သွားတယ်။ ရုပ်အလောင်းကို လမ်းဘေးမှာပဲ ထားပစ်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဦးဆေးဗျားထာရဲ့ ရုပ်အလောင်းကို KA ကရင်နီတပ်၊ KNDF နဲ့ ဒီးမော့ဆို PDF တပ်တွေက ဖေဖော်ဝါရီ ၁ ရက်က နယ်မြေ ရှင်းလင်းရေးလုပ်စဉ်တွေ့ရှိလို့ ကောက်ယူမြုပ်နှံပေးခဲ့ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရွာသားအလောင်းကို ခရစ်ယာန်ထုံးတမ်းအတိုင်း မြေမြုပ်ပေးခဲ့ပါတယ်။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာနဲ့ လည်ပင်းမှာ ဓားနဲ့လှီးထားတာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၃၀၀၀ နီးပါးရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။