မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက် ၄ နာရီခွဲမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရာမညပြောက်ကျားတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ပညာရေးမှူးရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်။ ရာမည ပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကောင်စီ လုံခြုံရေးကင်းသမားတွေ မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်ပေမဲ့ မြို့ပေါ် လူနေရပ်ကွက်ဖြစ်တော့ လူထိခိုက်မှာစိုးလို့ ရာမညပြောက်ကျားတပ်ဖွဲ့က ပြန်ဆုတ်သွားခဲ့တယ်။”
မြို့ခံတယောက်ကလည်း “မနက်အစောကြီးက ပေါက်ကွဲသံကြားရပြီးတဲ့နောက် လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံပါ ထပ်ကြားရပြီး ပညာရေးမှူးရုံးမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တော့ ရှိတယ်။ ထိခိုက်သေဆုံးတာတွေ မကြားရသေးသလို ကျောင်းတွေက ဆက်ဖွင့်ထားတယ်” လို့ ပြောပါတယ်။
အဆိုပါ ပညာရေးမှူးရုံး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပညာရေးမှူးရုံးပိုင်းဆိုင်ရာ ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါတယ်။
ရေးမြို့နယ်ပညာရေးမှူးရုံး တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရာမညပြောက်ကျားတပ်ဖွဲ့ကတော့ ပညာသင်နှစ် တနှစ်တာကာလ ကုန်ဆုံးတော့မှာဖြစ်လို့ စစ်ကျွန်ပညာရေးကို အကောင်အထည်ဖော် အသက်သွင်းနေတဲ့ သူတို့ရဲ့ အကြံတွေ အထမမြောက်စေချင်တာကြောင့် အခုလို တိုက်ခိုက်ရတာလို့ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး ခြံဝင်းအတွင်း ဇွန် ၁၉ ရက် ည ၉ နာရီခွဲလောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပေမဲ့ ရုံးခြံဝင်းထဲက အဆောက်အအုံ တခုမှာတော့ အနည်းငယ် ပျက်စီးသွားတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။
မေလကလည်း ရေဖြူမြို့က ဌာနဆိုင်ရာရုံးတွေနားမှာ အခုလို ပေါက်ကွဲမှုတွေ နှစ်ကြိမ်ဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်တာမျိုး မရှိခဲ့ပါ။
ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ကတော့ ပညာသင်ယူနေသူတွေနဲ့ ပညာရေးအဆောက်အအုံတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ဇွန် ၉ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။