ပါရာဂွေးနိုင်ငံရဲ့ အကြမ်းဖက်မှု အများဆုံး ဒေသတွေထဲမှာ ပထမဆုံး ဆေးခြောက်ရိတ်သိမ်း ပွဲတော်ကျင်းပခဲ့လို့ ဆေးဖက်ဝင်ဆေးခြောက်ပင်ကိုစိုက်ပျိုးဖို့ တရားဝင်ခွင့်ပြုချက်ရရှိရေး တွန်းအားပေးနေတဲ့ ဒေသခံတောင်သူတွေ မျှော်လင့်ချက် လင်းလက်လာခဲ့ပါတယ်။
ပါရာဂွေးအရှေ့ပိုင်း အာဂွေရီတိုပြည်နယ်ရဲ့ ကျေးလက်အသိုင်း အဝိုင်းမှာ သီတင်းပတ်ကုန်ရက် က ရာနဲ့ချီတဲ့ ဧည့်သည်တွေကို ဆေးခြောက် အခြေပြုခရီးသွားလုပ်ငန်းအတွက် ကြိုဆိုခဲ့ပြီး အပင်တွေကို ကိုယ်တိုင် ခူးဆွတ် ဖြတ်တောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ဒီပွဲကို ကျင်းပတဲ့ တောင်သူလယ်သမားတွေက မိရိုးဖလာ စိုက်ပျိုးရေးကို စွန့်ပယ်ပြီး ဆေးခြောက်ပင်တွေကို စိုက်ပျိုးရာမှာ အလောင်းအစားပြုခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။
ပွဲတော်ဟာ စိုက်ပျိုးရေး လုပ်ငန်းအငယ်တွေကို အကာအကွယ်ပေးမယ့် ဥပဒေအသစ်ကို ပြဋ္ဌာန်းဖို့ အာဏာပိုင်တွေကို ဖမ်းစားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
ပါရာဂွေးမှာ ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် သုံးဖို့ ၂၀၁၇ ခုနှစ်ကတည်းက တရားဝင်ဖြစ်ခဲ့ပေမယ့် ဒေသတွင်းစိုက်ပျိုးခွင့် မပြုလို့ တင်သွင်းရမှာပါ။
အရှေ့ဘက်မှာ ပါရာဂွေးရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘရာဇီးလ်ဟာ ဆေးခြောက်အတွက် အဓိက စျေးကွက်ဖြစ်လာလို့ ဒေသတွင်း တရားမဝင်ဆေးခြောက် စိုက်ပျိုးရေးက ပေါများလာခဲ့ပါတယ်။
ပါရာဂွေးနိုင်ငံမှာ လာမယ့်လတွေအတွင်း အကြိုရွေးကောက်ပွဲတွေနဲ့ အထွေထွေရွေးကောက်ပွဲ တွေ ကျင်းပဖို့စီစဉ်ထားချိန်မှာ အက်ဆွန်းသီယွန်မြို့တော်ရှိ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်မှာ စက်တင်ဘာ ၂၉ ရက်က မီးလောင်ခဲ့ပါတယ်။
မီးလောင်ခဲ့တဲ့ ရွေးကောက်ပွဲတရားမျှတမှုဆိုင်ရာတရားရုံး (TSJE) မှာ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် စက်ကိရိယာတွေနဲ့ ပစ္စည်းပစ္စယတွေ ထားရှိရာ နေရာဖြစ်ပြီး တာဝန်ရှိ အာဏာပိုင် တွေ ရာနဲ့ချီ အလုပ်လုပ်ကြတာပါ။
သေဆုံးမှုသတင်း တစုံတရာ မကြားသိရသေးကြောင်းနဲ့ မီးဆက်မပြန့်ပွားစေဖို့ မီးသတ်သမား တွေက ကြိုးစားငြှိမ်းသတ်နေကြကြောင်း အက်ဆွန်းသီယွန်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားသူကြီး ဂျော့်ဘိုဂါရင်က ဒေသခံ ရေဒီယိုအသံလွှင့်ဌာန တခုကို ပြောကြားခဲ့ပါတယ်။
ဘိုဂါရင်က မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမဲ့ အခုဖြစ်ရပ်ကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် ရေးဆွဲထားပြီးသား အချိန်ဇယားကို နောက်ဆုံးမှာ ပြောင်းလဲ သွားနိုင်ကြောင်း ပြောပါတယ်။
လက်ရှိမှာ သမ္မတလောင်းတွေအတွက် ပဏာမအဆင့် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၁၈ ရက်နဲ့ သမ္မတ၊ ဒုသမ္မတ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လွှတ်တော်အမတ်တွေအတွက် အထွေထွေရွေးကောက် ပွဲတွေကို လာမယ့်နှစ် ဧပြီလ ၃၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။
မီးလောင်ကျွမ်းမှုကြောင့် မဲပေးစက် ၈၅၀၀ လောက် ပျက်စီးသွားနိုင်ကြောင်းနဲ့ ဒီဇင်ဘာလရဲ့ အကြိုရွေးကောက်ပွဲတွေကို မတူခြားနားတဲ့ အဆင့်နှစ်ဆင့်နဲ့ ကျင်းပဖို့ လေ့လာစူးစမ်းနေကြောင်း TSJE ဥက္ကဋ္ဌ ဂျမီဖတ်စ်တတ်ဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အတိုက်အခံပုဂ္ဂိုလ်တွေက အဲဒီအယူအဆကို ချက်ချင်းပဲ မေးခွန်းထုတ်ကြပါတယ်။ အတိုက်အခံ လစ်ဘရယ်ပါတီ ဥက္ကဋ္ဌ အလီဂရီက အကြိုရွေးကောက်ပွဲတွေကို ခွဲထုတ်ကျင်းပတာဟာ 'မသမာမှု လုပ်ဆောင်မယ့် အစီအစဥ်တစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။