ပီရူးအာဏာပိုင်တွေဟာ တူရကီနိုင်ငံကို တင်ပို့မယ့် ကြွေပြားတွေအဖြစ် အသွင်ပြောင်းထားတဲ့ ကိုကင်း ၂ ဒသမ ၃ တန်ကို တရားမဝင် မူးယစ်ဆေးဝါးများရှာဖွေရာ ရေလမ်းကြောင်းကတဆင့် သိမ်းဆည်းရမိခဲ့ကြောင်း မတ် ၂၇ ရက်က ပြောကြားပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို မတ်လ၂၄ ရက်က မြို့တော်လီမာရဲ့ အပြင်ဘက်ရှိ ပီရူးနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်း အလ်ကာလ်ယောင်းရှိ ဂိုဒေါင်တစ်ခုမှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မတ် ၂၇ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရဲတပ်ဖွဲ့က သင်္ဘောကွန်တိန်နာအတွင်းရှိ သစ်သား သေတ္တာတွေထဲမှာ ရာနဲ့ချီသော ကြွေပြားတွေကို ရာဘာအခင်းတွေမှာ တပ်ဆင်ပုံပြောင်းထားတဲ့ ကိုကင်းတွေကို ခင်းကျင်းပြသခဲ့ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ကိုကင်းတွေဟာ အနည်းဆုံး ဒေါ်လာ သန်း ၂၀ တန်ကြေးရှိကြောင်း အလ် ကာလ်ယောင်းရဲ့ ရဲချုပ် ဗိုလ်မှူးကြီး လူးဝစ္စ် အန်းဟဲလ် ဘိုလာညော့စ် က ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ စုစုပေါင်းအလေးချိန်က ၂၃၁၀ ကီလိုဂရမ် ရှိကြောင်းနဲ့ ဥရောပနိုင်ငံတွေမှာ ဈေးနှုန်းက ကိုကင်းအယ်လ်ကာလွိုက် တစ်ကီလိုကို ဒေါ်လာ ၅ သောင်း ကနေ ၆ သောင်းကြားရှိတယ် လို့လည်း ဆိုပါတယ်။
ဒီတရားမဝင် မူးယစ်ဆေးဝါးတွေရဲ့ နောက်ဆုံးသွားမယ့်နေရာဟာ တူရကီပဲလို့ သူတို့ သိရှိရတာ ပထမဆုံး ဖြစ်ကြောင်းလည်း ရဲချုပ် ဘိုလာညော့စ် က ပြောဆိုပါတယ်။
ဘိုလာညော့စ်ရဲ့ အဆိုအရ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ စပိန်နဲ့ ပြင်သစ်ရှိ ဆိပ်ကမ်းတွေဟာ ရာဇ၀တ်ဂိုဏ်း အဖွဲ့အစည်းတွေရဲ့ ဦးစားပေးနေရာတွေဖြစ်ပါတယ်။
အန်ဒီယန်နိုင်ငံဟာ မနှစ်တုန်းကလည်း မူးယစ်ဆေးဝါးနှင့် တရားမဝင် ပစ္စည်းများ ၈၆ ဒသမ ၄ တန်ကို စံချိန်တင် ဖမ်းမိခဲ့ပြီး အဲဒီထဲမှာ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၂၈ တန် ပါဝင်နေကြောင်း ရဲတပ်ဖွဲရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပီရူးနဲ့ အနီးတဝိုက်ရှိ ကိုလံဘီယာတို့ဟာ ကိုကာရွက်ကနေ ပြုလုပ်ထားတဲ့ ကိုကင်းကို ထုတ်လုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းနိုင်ငံတွေထဲမှာ ပါဝင်နေကြောင်း ကုလသမဂ္ဂက ဆိုထားပါတယ်။
ပီရူးနိုင်ငံတောင်ပိုင်း၊ ရွှေတူးဖော်တဲ့မြို့တမြို့မှာ အသေးစား မိုင်းတွင်းလုပ်သားတွေအကြား ပစ်ခတ်မှုဖြစ်ပြီး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇွန် ၈ ရက်မှာ ပြောပါတယ်။
ဇွန် ၁ ရက်မှ ၂ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ယောက် သေဆုံးခဲ့ကြောင်းနဲ့ ဇွန် ၇ ရက်မှာ နောက်ထပ် ရုပ်အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ကြောင်း ရဲမှုခင်းဌာနခွဲမှ အကြီးအကဲ မာကိုကွာဒရိုစ်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ မိုင်းတွင်းလုပ်သားတွေအကြားက ထိပ်တိုက်ရင်ဆိုင်မှုထဲမှာ ပါဝင်ပတ်သက်နေသူတွေလို့ သံသယရှိသူ ၃၁ ယောက်ကို ဖမ်းဆီးထားကြောင်းအစိုးရရှေ့နေရုံးမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပျောက်ဆုံးနေသူ ၁၀ ယောက် ကျန်နေသေးတာကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။