close

ပုသိမ်ကြီးမြို့နယ်

close

April 7, 2023

ပုသိမ်ကြီးမြို့နယ်တွင် ရဲဒုတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာရွာ၊ အောင်ချမ်းသာ ဓာတ်အားပေးခွဲရုံက တာဝန်ကျ ရဲဒုတပ်ကြပ်တဦး ကွမ်းယာထွက်ဝယ်စဉ် အမည်မသိ လက်နက်ကိုင်တစုက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဧပြီ ၆ ရက် ညနေ ၆ နာရီလောက်မှာ အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေ ပစ်ခတ်ခဲ့ပြီး နားထင်ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရပ်ကျေးအဖွဲ့ဝင်ဟောင်းတဦးက “ခွဲရုံတာဝန်ကျ ရဲတပ်ကြပ်၊ သူ့ဂျူတီပြီးခါနီး ထမင်းစားပြန်တော့မှာ၊ အဲ့ဒါ ကွမ်းထွက်ဝယ်တာ။ သူ့မှာလည်း သေနတ်အရှည်ပါတယ်၊ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ လူငယ်နှစ်ယောက်က အနီးကပ် တချက်တည်းပစ်သွားတာ၊ နားထင်မှန်ပြီး အဲ့နေရာမှာပဲ ဆုံးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်ခံရသူ ရဲဒုတပ်ကြပ် ကိုအောင်နွယ်စိုးဟာ ဝဲနားထင် ကျည်ဖောက်ဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့ကာ MA-3 လက်နက်နဲ့ ကျည်ကတ်နှစ်ခု၊ ကျည် ၁၀ တောင့်လည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အခုလ ၃ ရက် မနက်ကလည်း ပြည်ကြီးတံခွန် (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

Photo CJ

3 weeks Ago

February 22, 2023

ပုသိမ်ကြီးမြို့နယ်၌ အထည်ဂိုဒေါင် မီးလောင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ရွာ ဘုရားနှစ်ဆူအနီးက အထည်ဂိုဒေါင် တလုံးမှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး Level 2 အဆင့်  မီးသတ်ယာဉ်‌တွေနဲ့ မီးငြှိမ်းသတ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၂ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ မန္တလေးတိုင်းမီးသတ်ဌာနကနေ သိရပါတယ်။

မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ရွှေကျင်ကွက်သစ်မြောက်ဘက်က အထည်ဂိုဒေါင်မှာ လောင်တာပါ။ ဘေထုပ်အထည်တွေ၊ ဘယ်ကစလောင်တာလဲ အခုမနက် စပြီး စုံစမ်းနေပါပြီ။ ညက မီးငြှိမ်းသတ်နိုင်ရေးအတွက်ပဲ ကြိုးစားနေကြလို့ပါ။ မီးခိုးမွှန်တာတို့ ထိခိုက်ဒဏ်ရာ ရတာတို့‌တော့ အနည်းအကျင်း ရှိပါတယ်။ ဒီနှစ်ထဲ အချိန်အကြာဆုံး လောင်ကျွမ်းမှုလို့ ပြောလို့ရတယ်။ အထည်တွေ အထုပ်လိုက်တွေဆိုတော့ မီးလောင်မှု အားကောင်းနေတာ” လို့ ပြောပါတယ်။

မီးလောင်မှု အားကောင်းနေတာကြောင့် စတင်လောင်ကျွမ်းပြီး ၁၀ မိနစ်အကြာမှာ Level 2 အဆင့်ကို တန်းခေါ်လိုက်ရကာ မန္တလေးတိုင်းက သန္ဓေအရန်မီးသတ်ဝန်ထမ်းတွေ၊ မီးသတ်ယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြလို့ ည ၁၁ နာရီခွဲမှာ မီးထိန်းနိုင်ပြီး ည ၁၂ နာရီခွဲမှာ ငြိမ်းသွားတာပါ။

မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့  ပျက်စီးဆုံးရှုံးမှု ပမာဏကို သိရဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် တရက်တည်းမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်မှာ မီးလောင်ကျွမ်းခဲ့ပြီး ပုသိမ်ကြီးမီးလောင်မှုက ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းကလည်း မန္တလေး၊ အောင်မြေသာစံမြို့နယ်မှာ မီးလောင်မှုကြောင့် အဆောက်အဦ ၂ လုံးပျက်စီးကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

2 months Ago
Up