ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တောင်ပေါ်အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ပုသိမ်လေတပ်စခန်းမှ စစ်ကောင်စီတပ်သား ၈ ဦး ထွက်ပြေးနေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်နဲ့ ဝန်ထမ်းများအိမ်ကို စောင့်ကြည့်နေတဲ့ လေတပ်က တပ်ဖွဲ့ဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ၄ ဦးခွင့်တင်ပြီး ပြန်မလာတော့သလို ကျန်တဲ့ ၄ ဦးကတော့ အကြောင့်မဲ့ပျက်ကွက်ခဲ့တာလို့ တပ်အသိုင်းဝိုင်းက သိရပါတယ်။
“ခွင့်ရတယ်ဆိုပြီး ပြန်သွားတာ ၄ ယောက်က ခွင့်ပြည့်လည်းပြန်မလာတော့တာ။ ကျန်တဲ့ ၄ ယောက်က် အကြောင်းမဲ့ပျက်ကွက်တာ ခုဆို ၃ လပြည့်တော့မယ်။ တပ်ပြေးစာရင်းတော့ မတင်သေးဘူး” လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လေတပ်စခန်းကနေ ထွက်ပြေးနေတဲ့ တပ်ဖွဲ့ဝင် ၈ ဦးရဲ့ မိသားစုဝင်နေအိမ်တွေကို စစ်ကောင်စီဘက်က လူကိုယ်တိုင်သွားရောက်ကာ ပြန်လာဖို့ ပြောဆိုတာတွေရှိသလို စာပို့ပြီး ပြန်လွှတ်ဖို့ အကြောင်းကြားတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
နေအိမ်တွေကို စာပို့တဲ့စာထဲမှာတော့ ခွင့်မဲ့ပျက်ကွက်တာနဲ့ပတ်သက်ပြီး အရေးယူမှာမဟုတ်သလို ပြန်လာရင် ပျက်ကွက်ခဲ့တဲ့ ရက်တွေအတွက် လစာတွေလည်း ထုတ်ပေးသွားမှာဖြစ်ကြောင်း ရေးသားထားတယ်လို့ သိရပါတယ်။
ခုလိုမျိုး စစ်တပ်ကနေ ထွက်သွားပြီး ၂၄ နာရီ အဆက်သွယ်မရရင် အကြောင်းမဲ့တင်ရမှာဖြစ်သလို ၂၁ ရက်ကျော်ရင် တပ်ပြေးစာရင်း စစ်ပြေးကြေညာရမှာဖြစ်ပြီး သတင်းထိန်းချန်ထားတဲ့ကိစ္စက သက်ဆိုင်ရာ တပ်နယ်မှူးနဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ စစ်တပ်က အငြိမ်းစာယူလာတဲ့ အရာရှိဟောင်းတွေက ပြောပါတယ်။