ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်း PDF က ထုတ်ပြန်ပါတယ်။
ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပေါက်ခေါင်းမြို့သို့ ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဧပြီ ၂ ရက်ညနေ ၄ နာရီ ၁၅ မိနစ်က မရိုးကျွန်းရွာနဲ့ ဒိုးနွယ်ရွာအကြားမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၃၊ တပ်ခွဲ၄၊ တပ်ခွဲ၅၊ တပ်ခွဲ၁ (တပ်စု၂) ပူးပေါင်းတပ်ဖွဲ့ Eagle စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်ရာ ရှေ့ဆုံးကားမှာ ပြည်သူတွေလိုက်ပါလာလို့ လွှတ်ပေးလိုက်ပြီး ကားနောက်မှာ ကပ်ပါလာတဲ့ ဗိုလ်မှူးပါဝင်တဲ့ကားနဲ့ ဆိုင်ကယ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်ရာ နေရာမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တာလို့ ဧပြီ ၂၃ ရက် ပဲခူး PDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူ ၃ ယောက်ထဲမှာ ဗိုလ်ကြီးတစ်ဦးပါဝင်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက်ကတော့ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ ၂၀ လောက် စစ်ကူရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို မိနစ် ၂၀ လောက်တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၂၀ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းကျေးရွာအုပ်စု၊ သရက်ချဉ်ချောင်းကျေးရွာအနီးမှာ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေတွေကို ပြည်ခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ သင်္ကြန်ဗဟိုမဏ္ဍပ် မှာ ဧပြီ ၉ ရက် ဒီနေ့ မနက် ၅ နာရီလောက်က အသံဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကို ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက် ဘုရားကြီးလမ်းပေါ်မှာ တည်ဆောက်ထားပြီး ပေါက်ကွဲကြောင့် လူတွေထိခိုက်တာမရှိပေမဲ့ စစ်ကောင်စီတပ်တွေက လမ်းပိတ်ပြီး စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။
ပေါင်းတည်မြို့ဈေးကြီးအနီးနေသူတယောက်က ''မနက်အစောကြီးက အိပ်ရာထဲကနေကြားရတာ အသံကအကျယ်ကြီးပဲ။ ကြားကြားချင်း အသံကြားတဲ့ဘက်ကို သွားကြည့်ဖို့လုပ်တော့မှ အဲ့ဒီဘက်က ပြန်လာတဲ့ သူတယောက်က မသွားနဲ့ ဗဟိုမဏ္ဍပ်မှာဖြစ်တာ၊ အခုလမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ် ပိတ်ထားလိုက်ပြီ။ သွားရင် အစစ်အဆေးခံနေရမယ်လို့ပြောတာနဲ့ သွားမကြည့်ရဲတော့တာ” လို့ ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နွေဦးပကဖ အဖွဲ့ကတော့ အသံမိုင်းခွဲပြီး သတိပေးလိုက်တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး PPDF တပ်ရင်း (၃၆၀၁) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ “မနှစ်ကလည်းဗုံးခွဲပြီး သတိပေးခဲ့သေးတယ်။ အခုလည်း အသံဗုံးနဲ့ ပထမအကြိမ် သတိပေးတဲ့အနေနဲ့ ခွဲလိုက်တာပါ။ ဒီဗုံးမျိုးက လူမထိခိုက်ပါဘူး။ ဒါပေမဲ့ သူတို့ အဲ့ဒိအလုပ်တွေကို မရပ်တံ့ဘူးဆိုရင်တော့ နောင်ဖြစ်လာမယ့် အရေးယူမှုတွေအတွက် တာဝန်မယူဘူး၊ ပြည်သူတွေ ပျော်ချင်ရင် ကိုယ့်အိမ်မှာပဲကိုပျော်ကြဖို့၊ သူတို့နဲ့သွားပြီး မပူးပေါင်းကြဖို့ ထပ်မံမေတ္တာရပ်ခံ တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။
သင်္ကြန်ပွဲတော်စည်စည်ကားကားဖြစ်မြောက်ဖို့ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ စီစဉ်နေရာမှာ ကံစမ်းမဲလက်မှတ်တွေရောင်းပြီး အတင်းအကျပ် အလှူငွေကောက်ခံနေတယ်လို့ လည်းဆိုပါတယ်။
"စစ်ကောင်စီက သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ကံစမ်းမဲလက်မှတ်တွေ အတင်းရောင်းတယ်။ အဲ့ဒါတွေကို စစ်ကောင်စီလက်အောက်ခံထွေအုပ်စာရေးတွေ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေကနေ လောင်းကစားဒိုင်တွေ၊ သစ်မှောင်ခိုသမားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို အတင်းရောင်းတယ်။ အလှူငွေကြေးတွေ အတင်းကောက်ပြီး သူတို့ သင်္ကြန်ကို စည်အောင်လုပ်နေကြတာ”လို့ ပြည်သူ့ကာကွယ်ရေး PPDF တပ်ရင်း (၃၆၀၁) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ပေါင်းတည်မြို့က ဗဟိုမဏ္ဍပ်အနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲသတိပေးခဲ့သလို၊ မဏ္ဍပ်ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ လုံခြုံရေးစစ်သားတွေကိုလည်း လူငယ်တွေက အရက်ပုလင်းခွံနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။
သင်္ကြန်နောက်ဆုံးနေ့မှာလည်း ဗဟိုမဏ္ဍပ်အနီး ဘုရားကြီးလမ်းနဲ့ ရန်ကုန်လမ်းထောင့်အလွန်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရေလာပက်တဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။