close

ပဲခူး

close

April 6, 2023

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အိမ်စီးကားမှောက်ပြီး လူ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၅/၁ ဖာလုံကြားမှာ ဧပြီ ၆ ရက်၊ မနက် ၁၀ နာရီလောက်က အိမ်စီးကားတစီး တိမ်းမှောက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ Isuzu bighorn အမျိုးအစား အဖြူရောင်ကားပေါ်မှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး လိုက်ပါလာကာ မိုင်တိုင် ၄၅ နားမှာ ကားရဲ့ ညာဘက်ရှေ့ဘီး ကျွတ်ထွက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် မ ၁ ဦး သေဆုံး၊ ကျား ၁ ဦး၊ မ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ရှေ့ညာဘက်ဘီး ကျွတ်ထွက်ပြီး ကားက တပတ်လည် မှောက်သွားတာ။ DB က မ ၁ ဦး ထွက်ပါတယ်။ တံခါးနားထိုင်တဲ့ တဦးပါ။ ဒဏ်ရာရသူတွေက ကားနောက်ဖုံးထဲက မ ၂ ဦး၊ ယာဉ်မောင်း ကျား ၁ ဦး ထိထားတယ်။ ခေါင်းပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာတွေ ရထားတယ်။ 192 အမြန်လမ်း လူနာတင်ယာဉ်နဲ့ ‌ပဲခူးဆေးရုံ ပို့ပေးထားပါတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို ဘောနက်ကြီး အမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ မြို့ခံ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြပြီး သေဆုံးသူနဲ့ လူနာတွေကို ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄၅ အနီးမှာပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ခရီးသည်တင် မှန်လုံကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ကျား ၁ ဦး သေဆုံး၊ ကျား ၂ ဦး၊ မ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

၂၀၂၃ ဧပြီ ၁ ရက်‌ကနေ ၆ ရက်နေ့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ယာဉ်မတော်တဆမှုဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

3 weeks Ago

February 14, 2023

ပဲခူးတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူ ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး

ပဲခူးတိုင်း၊ ပဲခူးမြို့ ရပ်ကွက်သုံးခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ဒေသခံ အယောက် ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ မသက်ဆိုင်သူတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေပါ ပါဝင်ပြီး တချို့က စာရင်းပျောက်နေတာကြောင့် မိသားစုတွေ စိုးရိမ်နေကြပါတယ်။

ပဲခူးမြို့ပေါ်က မဇင်း၊ ပုဏ္ဏားစုနဲ့ ရှင်စောပု စတဲ့ရပ်ကွက် ၃ ခုအတွင်း ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ဗုံးပေါက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ဆိုကာ အသက် ၅၀ ဝန်းကျင်အရွယ် လင်မယားနှစ်ဦး အပါအဝင် အသက် ၁၉ နှစ်ကနေ ၂၃ နှစ်အရွယ် လူငယ်အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပဲခူးတိုင်း PDF အဖွဲ့မှ တာဝန်ရှိသူတယောက်က  “ဖမ်းဆီးခံရသူတွေ အထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ပါတာ သိရပေမဲ့ စစ်ကောင်စီ ဖော်ပြတဲ့အထဲမှာ ပါမလာပါဘူး၊ စာရင်းပျောက်နေတယ်။ နောက် အဲဒီအပြင် နောက်ထပ်လည်း မိဘကိုဖမ်းတဲ့အချိန်မှာ အိမ်ရှိလူကုန် ဖမ်းသွားတာကြောင့် ကလေးတွေပါ အခုထိ အဖမ်းခံထားရသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အဲဒီ ပဲခူးဒေသခံ ၇ ဦးကို ဖောက်ခွဲရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပြီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက ပဲခူးမြို့အထွက် စစ်ဆေးရေးဂိတ် ကလိကျေးရွာအနီးမှာ မြို့ခံလူငယ် ၄ ဦးဖြစ်တဲ့ ဉာဏ်မင်းမောင်မောင်၊ မောင်သက်နဲ့ ဇနီးဖြစ်သူ မထားထားဝင်းတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၁ သီးသန့် ၁ လမ်းမှာ နေထိုင်တဲ့ ဦးမျိုးတင့်ဆိုသူနဲ့ ဇနီး ဒေါ်ယဥ်ယဥ်ဌေး အပါအဝင် ပုဏ္ဏားစုရပ်ကွက်၊ ပုဏ္ဏားစု ၁၄ လမ်းမှာ နေထိုင်တဲ့ သူရိန်အောင် (ခ) အောင်သူ၊ စုစုပေါင်း သုံးဦးကိုလည်း ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဲခူးတိုင်းမှာ အခုနှစ် ဇန်နဝါရီလက စပြီး ပေါင်းတည်၊ နတ်တလင်း၊ ဖြူး၊ ညောင်လေးပင်၊ အုတ်ဖို၊ ဒိုက်ဦး စတဲ့နေရာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီး ခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဂိတ်တွေကို မိုင်းထောင် ဖောက်ခွဲတာတွေ ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေက မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လူငယ်တွေကို ဦးတည်ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးနေတယ်လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။

2 months Ago
Up