ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့၊ မြောက်စလုံးကျေးရွာတိုက်ပွဲအတွင်း ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးတယ်လို့ The Karenni Information Centre (KnIC) က ထုတ်ပြန်ပါတယ်။
မြောက်စလုံးကျေးရွာအတွင်း စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်က စတင်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) တပ်ရင်း-၅ အပါအဝင် ကရင်နီပူးပေါင်းတပ်တို့က ချေမှုန်းရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မြောက်စလုံးကျေးရွာကို တိုက်လေယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့တပ်မှာ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၂၃ ရက် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ မှ အသက် ၂၂ နှစ်အရွယ် ရဲဘော် ဒါးဝီ ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း-၁၁ က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာလည်း နားဋောင်းကျရွာ ပျူစောထီးစခန်းကို ဧပြီ ၂၅ ရက် မနက် ၃ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါ နားဋောင်းကျရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ဘုန်းကြီးဦးဝါသဝ ကိုယ်တိုင် ပျူသင်တန်းပေးထားတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ရဲဘော်တဦးက “မနက်လင်းပိုင်း ၃ နာရီက အဲဒီရွာကို ဝင်စီးခဲ့တာ။ ပျူနဲ့ စကစ စုစုပေါင်း ၁၂ ယောက်သေတယ်။ စခန်းလည်း သိမ်းနိုင်ခဲ့တယ်ဗျ။ လက်နက် ၇ လက်လည်း ရတယ်။ ယမ်းတွေ၊ ကျည်တွေလည်း ရတယ်ဗျ။ အမျိုးအစားတွေကိုတော့ သေချာမသိရဘူး။ ရတဲ့လက်နက်နဲ့ ကျည်၊ ယမ်းတွေကို တပ်ရင်းတွေက သိမ်းသွားကြတာလေ။ တိုက်ပွဲကြာချိန်က တနာရီနီးပါး ကြာလိမ့်မယ်” လို့ ပြောပါတယ်။
တန့်ဆည် ပကဖ၊ တန့်ဆည် Mobile PDF အဖွဲ့၊ ရွှေဘိုခရိုင် PDF တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၅ တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေမှာ ဘုန်းကြီး ဦးဝါသဝကနေ ဒေသခံပြည်သူတချို့ကို ခြိမ်းခြောက်ဖိအားပေးကာ ပျူသင်တန်း တက်ခိုင်းတာကြောင့် ၂ မြို့နယ်ပေါင်း ပျူရွာ ၅၀ ခန့်အထိ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတာလည်း ရှိနေတယ်လို့ ကျွန်းလှမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်။
အခုပျူစခန်းဟာလည်း ကန့်ဘလူမြို့နယ်နဲ့ တန့်ဆည်မြို့နယ်နှစ်ခုကြား နယ်စပ်ရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်မှာ မတ်လ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ မြို့မရဲစခန်း၊ မြို့ဝင်ဂိတ်၊ ဇီးပြားရဲစခန်းနဲ့ ပျူစောထီးစခန်းတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေသိရပါတယ်။
မြိုင်မြို့မရဲစခန်းနဲ့ မြို့ဝင်ဂိတ်တွေကို မတ်လ ၁၈ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Shar Htoo Wow ဒရုန်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ Fixed Wing Drone တွေနဲ့တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ဟာ အပြစ်မဲ့ခရီးသွားပြည်သူတွေကို စစ်ဆေးဖမ်းဆီးပြီး မတရား ငွေညှစ်တာတွေပြုလုပ်နေလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ဗိုလ်လက်ယာက ပြောပါတယ်။
ပေါက်မြို့နယ် ဇီးပြားရဲစခန်းနဲ့ ၂ ဖာလုံလောက်အကွာမှာရှိတဲ့ သရော်ကိုင်း ပျူစောထီးရွာကို ဒီနေ့ မတ်လ ၂၀ ရက် မနက် ၅ နာရီ မိနစ် ၄၀ အချိန်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဇီးပြားရဲစခန်းနဲ့ ပျူစောထီးရွာကို ချည်းကပ်ခဲ့ပေမဲ့ လမ်းပိုင်းတွေကို ဖျက်ဆီးပြီး ခံစစ်ကို အသေချာပြင်ဆင်ထားတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး အနီးကပ်တိုက်ခိုက်တဲ့အချိန်မှာ PDF ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
ချောင်းကူးရွာဘက်က စစ်ကောင်စီတပ်ကလည်း ၁၂၀မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးသလို ပေါက်မြို့ကနေ ကား ၅ စီးနဲ့ စစ်ကူတွေလိုက်လာလို့ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။