close

ပျူစောထီးရွာ

close

March 21, 2023

ဆောမြို့နယ်တွင် စစ်တပ်လက်နက်ကြီးကြောင့် နေအိမ် ၅ လုံးမီးလောင်ပြီး ဒေသခံ ၅ ဦး ဖမ်းဆီးခံရ၊ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဆောမြို့နယ် မြို့ပေါက်ကျေးရွာကို မတ် ၂၀ ရက် ညနေ ၃ နာရီခွဲလောက်မှာ ကျောက်ထုအခြေစိုက် ၃၆၈ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူ ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါက်ကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ရွာနဲ့ အဲဒီအမြောက်တပ်နဲ့ ကပ်နေတာဗျ။ အဲဒီတပ်ထဲက အမြောက်ကြီးတွေ၊ စက်လတ်တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ကံကြီးကျေးရွာကိုလည်း ဝင်ရောက်မွှေနှောက်ပြီး ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရဲရင့်ကျေးရွာက ဦးကြင်ဟုန်း၊ ကိုဝင်းဗိုလ်ကြီး၊ ကိုလေးအောင်၊ ကိုရဲမိုးဝင်းနဲ့ ကိုလမင်း တို့ကိုလည်း မနေ့ညနေမှာ စစ်ကောင်စီတပ်သားတွေက PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတယ်လို့ ပြောပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ ပြည်သူ ၅ ယောက်ကို ကျောက်ထုအမြောက်တပ် စစ်ကြောရေးကို ခေါ်ဆောင်သွားကြပြီး ဒီနေ့မနက်အထိ ပြန်မလွှတ်သေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ကျောက်ထုအမြောက်တပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်လို့ မြို့ပေါက်၊ ရဲရင့်၊ ကံကြီး၊ ပြင်လယ်၊ ကြံတော၊ တောင့်ထက်ရွာနဲ့ ရေရှင်ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၉,၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၅၅,၄၈၄ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ မတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးကျေးရွာတရွာကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ပြောပါတယ်။

မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို မတ် ၁၉ ရက် ညနေ ၃ နာရီကနေ ၄ နာရီအထိ ဒရုန်းတွေနဲ့ အီနာဂါဗုံးသီးတွေ၊ မီးလောင်ဗုံးတွေ ဖြတ်ချတိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ထိခိုက်သေဆုံးသူ ရှိနိုင်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးသွားတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီပျူစောထီးရွာကို ည ၇ နာရီကျော်လောက်ကနေ ၁၀ နာရီကျော်တဲ့အထိ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အချက်ရေ ၃၀ လောက် ပစ်ခတ်ခဲ့လို့ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဗိုလ်မီးပွားက ပြောပါတယ်။

အဲဒီနောက် မတ် ၂၀ ရက် မနက် ၉ နာရီလောက်မှာလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံး ဖြုတ်ချပြီး တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေရဲ့ နေအိမ်ပေါ်ကို ကျရောက်ပြီး နေအိမ် ၃ လုံးလောက် ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Cheetah-PDF၊ သူရိန်တပ်ဖွဲ့၊ Hero G.Z၊ ကိုအောင်ကြီး လက်နက်ကြီးတပ်ဖွဲ့၊ Myaing Warriors တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ မတ် ၇ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီရဲ့ လက်အောက်ခံ သရက်ကွ ပျူစောထီးရွာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဝံပုလွပြောက်ကျားတပ်ဖွဲ့ (မြိုင်) ကနေ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

1 month Ago

March 16, 2023

ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားက စစ်ကောင်စီတပ်သား အပြောင်းအလဲလုပ်တဲ့ စာရွက်စာတမ်းတွေကို သယ်လာတဲ့ ဒိုင်နာကားကို လုံခြုံရေးယူပြီး ရှေ့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ကို  မနေ့ညနေ ၃ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေစကြို-ချောင်းဦးကားလမ်းနဲ့ ရထားသံလမ်းကြားက မအူပန်းခြံနားမှာ အနီးကပ် တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

“ကျနော်တို့ဘက်က နာရီဝက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေကို မအူစခန်းက ဒိုင်နာကားနဲ့ ခလရ ၂၅၈ တပ်ရင်းထဲကို သယ်သွားကြတယ်။ မအူရဲစခန်းနဲ့ နီးတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး မြေပြင်စစ်ကူတွေ လိုက်လာလို့ ပြန်ဆုတ်တဲ့အချိန်မှာ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိပေမဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘဲ ဆေးဝါးကုသမှု ခံယူနေတယ်။”

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင် အမှတ်-၉ တပ်ရင်းနဲ့ Super Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မတ် ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစောထီးရွာ ၁ ရွာ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပေါက် PDF တပ်ရင်း-၄ ကနေ သိရပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းက သနပ္ပစင်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းကို မတ် ၁၅ ရက် မနက် ၈ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတာလို့ ပေါက် PDF တပ်ရင်း-၄ ရဲ့ တာဝန်ခံ ဗိုလ်ငသွေးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး ပိတ်မိနေတာကြောင့် လေကြောင်းပစ်ကူ ခေါ်ယူတဲ့အတွက် Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့  လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်ဟာ သနပ္ပစင်းကျေးရွာ ပတ်ချာလည်ကို ၅ ကြိမ်လောက် ကျည်ကုန်တဲ့အထိ ပစ်ခတ်ခဲ့လို့ သူတို့လူတွေကို ထိတယ်လို့တော့ သတင်းကြားတယ်။ စစ်ကောင်စီစစ်ကြောင်းက သူတို့တပ်စွဲထားတဲ့ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ဗိုလ်ငသွေးက ပြောပါတယ်။

ပေါက်မြို့နယ်မှာမြောက်ပိုင်းကို ထိရင် တောင်ပိုင်းကကြွတယ်ဆိုတဲ့သဘောနဲ့ ဒီးတုတ်ကွင်း ပျူစောထီးရွာကို ညနေ ၄ နာရီလောက်က King Fighter တပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ အလုံး ၄၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 months Ago
Up