close

ပြည်ကြီးတံခွန်

close

April 29, 2023

ပြည်ကြီးတံခွန် စက်မှုစျေးရှေ့ ထက်ဝေယံရွှေဆိုင် ရွှေချိန် ၉၀ ကျပ်သားခန့် ဓားပြတိုက်ခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၂ လမ်း၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား စက်မှု (၁) စျေးရှေ့ရှိ ထက်ဝေယံ စိန်ရွှေရတနာဆိုင်ကို ဧပြီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က အမည်မသိ အမျိုးသား ၂ ဦးက ဓားပြတိုက်သွားတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။

စက်မှု ၁ စျေးထိပ်က ဦးကြင်ခဲပိုင် ထက်ဝေယံ စိန်ရွှေရတနာဆိုင်ကို အမည်မသိ အမျိုးသား၂ ဦးက လက်နက်တွေ ကိုင်ဆောင်ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားခဲ့တာလို့ ရွှေဆိုင်အနီးနေထိုင်သူတဦးက ပြောပါတယ်။

"စျေးထဲကနေ အမျိုးသား ၂ ယောက် သေနတ်တွေ ကိုင်ထွက်လာပြီး ရွှေဆိုင်ထဲဝင်သွားတာ တွေ့လိုက်တယ်၊ ဆိုင်ထဲရောက်တော့ ဆိုင်နံရံကို သေနတ် ၁ ချက်ပစ်ပြီး အားလုံးကိုဝပ်ခိုင်းတယ်။ နောက်ပြီး သူတိုထဲက တယောက်က ၁ ပေလောက်ရှိတဲ့ ဓားနဲ့မှန်ကောင်တာကို ရိုက်ခွဲပြီး ကောင်တာအတွင်းမှာရှိတဲ့ ရွှေတွေကို ဆာလာအိတ်ထဲထည့်ယူသွားပြီး စျေးထဲပြန်ပြေးဝင်သွားတယ်။"

ဓားပြတိုက်မှုကြောင့် ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ ကုံး၊ ရွှေနားကပ် ၃၈ ရံ၊ရွှေနားဆွဲ ၉၀ ခု၊ စုစုပေါင်း ရွှေချိန် ၉၀ ကျပ်သားနီးပါး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၅၂၀ လောက်ဆုံးရှုံးခဲ့တယ်လို့ ရွှေဆိုင်နဲ့ နီးစပ်သူဆီက သိရပါတယ်။

အခင်းဖြစ်ပွားရာကို စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက် စစ်ဆေးသွားခဲ့ပေမဲ့ တရားခံတွေကို မဖမ်းဆီးနိုင်သေးတဲ့အပြင် စကစရဲ့ ဝါဒဖြန့် ချန်နယ်ကနေ အခုလုပ်ရပ်ဟာ PDF အဖွဲ့ကလူတွေ လုပ်ဆောင်တာလို့  စွပ်စွဲရေးသားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ဓားပြတိုက်မှု ပိုမိုများပြားလာခဲ့ရာ ဧပြီ ၁၉ ရက် နေ့လယ်ကလဲ စက်မှုစျေး စက်မှုရဲစခန်းအနီးက ထိပ်တန်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရသလို မတ် ၂၇ ရက် ညနေက စိန်ကျော်မိုးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူ  ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါအပြင်  မတ် ၁၂ ရက် ဒေါ်တောမုန့်တီဆိုင် ဓားပြမှုနဲ့ မတ် ၁၄ ရက်က မြရည်နန္ဒာရပ်ကွက် ကုန်စုံဆိုင်အနုကြမ်းစီးမှုအတွင်း ပြစ်မှုကျူးလွန်သူတွေကို ဒီကနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

5 mins Ago

March 12, 2023

ပြည်ကြီးတံခွန်တွင် ကညနပွဲစား လင်မယားကို ပစ်သတ်ပြီး ဆိုင်ကယ်လုမှုဖြစ်ပွား

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ  မတ် ၁၁ ရက် မနက်က   ကညနပွဲစား လင်မယား ၂ ယောက် ပစ်သတ်ခံရပြီး ဆိုင်ကယ်ပါ လုယက်ခံရတယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေ ဆီက သိရပါတယ်။

 မနေ့ မနက် ၉ နာရီ မိနစ် ၂၀ လောက်က  သင်ပန်းကုန်းရပ်ကွက်၊ ၁၁၆ A လမ်း၊ ၅၆ Bလမ်း × ၅၆ C လမ်းကြားမှာ ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေဟာ  မန္တလေး ကညနရုံးမှာ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်သက်တမ်းတိုးတဲ့ပွဲစားအဖြစ်လုပ်ကိုင်နေတဲ့ သင်ပန်းကုန်း ရပ်ကွက်နေ  ကိုစလုံးတို့ လင်မယား ဖြစ်ပါတယ်။ 

အဲဒီနေ့ မနက်ပိုင်းက လင်မယား ၂ ယောက် ဆိုင်ကယ်စီးလာချိန်  တခြားဆိုင်ကယ်သမား ၂ ယောက်က အနောက်ကနေ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး စီးလာတဲ့ ကလစ်ဘီး ဆိုင်ကယ်ကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူ တဦးက  "ဒီသင်ပန်းထဲမှာပဲ အိမ်ကနေ ထွက်ထွက်ချင်းလေးကို အပစ်ခံရတာ၊ ကညနရုံးမှာ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးတာပါ၊ အဲဒီမနက်က ဆိုင်ကယ် Owner Book လေးအပ်လို့ သွားယူမလို့ ထွက်သွားတာ၊ ဆိုင်ကယ်လေး ခဏလောက် ငှားလို့‌တောင် ပေးလိုက်သေးတယ်။ ကလစ် ယိုးဒယားဘီး အပြာရောင်လေး၊ ကညနမှာ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်တာပါ၊ နှစ်ယောက်စလုံး ၂၀ကျော်ပဲ ရှိပါသေးတယ်"လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူမှာ ညာဘက်နားထင်ထိမှန်ဒဏ်ရာ၊ အမျိုးသမီးဖြစ်သူက ညာဘက်မျက်လုံးအောက်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်း သေဆုံးသွားတာဖြစ်ပြီး သေဆုံးသူ လင်မယားဆီက သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။ 

ဘယ်အဖွဲ့၊ ဘယ်သူက ဘာကြောင့် ပစ်ခတ်သွားတယ်ဆိုတာမသိရသေးဘဲ အဆိုပါ ဖြစ်စဉ်ကို ပြည်ကြီးတံခွန် စစ်ကောင်စီရဲတပ်ဖွဲ့ကစစ်ဆေးနေကာ သေဆုံးသူရုပ်အလောင်းတွေကို မန္တလေးဆေးရုံကို ပို့ဆောင်ထားပါတယ်။

2 months Ago
Up