ဒဏ်ရာပြဿနာတွေကြောင် အနားယူခဲ့ရတဲ့ လီဗာပူးတိုက်စစ်မှူး ဖေမီနိုနဲ့ နောက်ခံလူဗန်ဒိုက်တို့ နှစ်ဦးဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။
ဒါဟာ ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ အသင်းနဲ့ နည်းပြယာဂန်ကလော့ပ်တို့အတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။
သူတို့ နှစ်ဦးဟာ ကြာသပတေးနေ့က အသင်းရဲ့ AXA လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ အတူ လေ့ကျင့်ခဲ့ကြတာပါ။
အသင်းလိုက် လေ့ကျင့်ခန်းတွေတော့ လိုက်မလုပ်ခဲ့ကြပေမယ့် ဒီတစ်ပတ် ပွဲစဉ်တွေမှာ အရန်ခုံတန်းမှာပါလာဖို့ရှိပါတယ်။ လစ်ဗာပူးအသင်းမှာ တိုက်စစ်ပိုင်းက လူးဝစ်ဒီယက်ဇ်နဲ့ ဂျိုတာတို့ ဟာလည်း ဒဏ်ရာကိုယ်စီရခဲ့လို့ အနားယူနေရပါတယ်။
တိုက်စစ်မှူး ဖေမီနိုကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေကြောင်း လီဗာပူးနည်းပြ ကလော့ပ်က အတည်ပြုပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးက ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားတာပါ။
အသက် ၃၁ နှစ်ရှိ တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် ဘရာဇီးအသင်းကနေ ချန်လှပ်ခံခဲ့ရသူဖြစ်ပေမယ့် လီဗာပူးအတွက်တော့ ခြေစွမ်းပြကစားနေတာပါ။
“ဖေမီနိုကို သက်တမ်းတိုးဖို့ ပုံမှန်ပြောဆိုမှုတွေလုပ်နေတာ အခြေအနေကောင်းပါတယ်။ ဘာဖြစ်လာမလဲဆိုတာ ဆက်ပြီးနားစွင့်ရုံပါပဲ” လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
ဖေမီနိုဟာ လီဗာပူးအသင်းကို နည်းပြကလော့ပ်ရောက်မလာခင်ကတည်းက ရှိနေတဲ့ ကစားသမား ၄ ဦးထဲက တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဂျာမန်ကလပ် ဟော့ဖန်ဟိမ် အသင်းကနေ ပြောင်းရွှေ့လာသူပါ။
လီဗာပူးနဲ့ ၇ နှစ်တာကာလအတွင်းမှာတော့ ပွဲပေါင်း ၃၅ဝ လောက်ကစားကာ ၁၀၆ ဂိုးသွင်းယူထားပြီး ဆုဖလားအောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။