ဘယ်လာရုစ်နိုင်ငံ အနောက်ပိုင်းမှာ ရုရှားနဲ့ ဘယ်လာရုစ် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်နေတဲ့ နောက်ဆုံးအဆင့်ရုပ်သံတွေကို ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သူ့ရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ ဗိုအန်တီဗီတို့က ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။
စစ်ရေးစွမ်းရည်ပြပွဲကို စောင့်ကြည့်ခဲ့တဲ့ ဘယ်လာရုစ် နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလက်ဇန်းဒါး ဗိုလ်ဖှိုဗစ်ချ်က “ဒီစစ်ရေးလေ့ကျင့်မှုဟာ သဘာဝအရ ကာကွယ်ဖို့ပါ။ အိမ်နီးချင်းပိုင်နက်မှာ ကျနော်တို့ လေ့လာစောင့်ကြည့်နေတာတွေနဲ့ မတူဘဲ ဘယ်သူ့ကိုမှ ခြိမ်းခြောက်မနေဘူး” လို့ ပြောပါတယ်။
ဘယ်လာရုစ်အနောက်ပိုင်း ဘရပ်စ်ဒေသထဲက ရုဇာနီ လေ့ကျင့်ရေးကွင်းမှာ စစ်တပ်က လေကြောင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ရန်သူရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို နှိမ်နင်းတာ၊ ကွပ်ကဲထိန်းချုပ်ရေးနဲ့ စစ်လက်နက်ကိရိယာတွေ စစ်သည်တွေကို စုစည်းတာတွေကိုပါ လေ့ကျင့်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေကို တိုက်ခိုက်ရာမှာ လေကြောင်းအထောက်အပံ့ ပေးပုံကိုလည်း တိုက်လေယာဉ်တွေက အသွင်ယူ လေ့ကျင့်ခဲ့ပါတယ်။
ဘယ်လာရုစ်ဟာ ဇန်နဝါရီ ၁၆ ရက်ကစတဲ့ ၂ ပတ်ကြာ လေတပ်စစ်ရေးလေ့ကျင့်မှုကို ထိုးစစ်ဖြစ်နိုင်ချေအတွက် ပြင်ဆင်ဖို့ ကာကွယ်ရေးသဘာဝအဖြစ် လေ့ကျင့်တာလို့ အခိုင်အမာ ပြောနေတာပါ။
ဒါပေမဲ့ ယူကရိန်းပဋိပက္ခမှာ ပူးပေါင်းဖို့ ရုရှားက ဘယ်လာရုစ်အစိုးရကို တွန်းအားပေးနေလို့ စိုးရိမ်မှုကြီးထွားနေချိန်မှာ ခုလို လေ့ကျင့်တာ ဖြစ်နေပါတယ်။
ရုရှားသမ္မတနန်းတော်ကတော့ ယူကရိန်းက အထူးစစ်ဆင်ရေးမှာ ပိုတက်ကြွတဲ့ အခန်းကဏ္ဍမှာ ပါဝင်ရေး ဘယ်လာရုစ်ကို ဖိအားပေးနေတယ်ဆိုတဲ့အချက်ကို ငြင်းပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာ ဒေသဆိုင်ရာတပ်ဖွဲ့တွေ စုစည်းကွပ်ကဲမှုအတွက် တပတ်ကြာ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကို စတင်ခဲ့တယ်လို့ ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။
ဒီလေ့ကျင့်မှုဟာ စက်တင်ဘာလ ရုရှားနိုင်ငံမှာကျင်းပမယ့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု အတွက် ကြိုတင်ပြင်ဆင်မှု တစိတ်တပိုင်းဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အားလက်စ် ဘီယဲလီယက်စကီးဟာ ဇန်နဝါရီ ၅ ရက်က ဘယ်လာရုစ်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်တဲ့အမှုနဲ့ တရားရင်ဆိုင်ခဲ့ပါတယ်။
Viasna လူ့အခွင့်အရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ အသက် ၆၀ အရွယ် နိုဘယ်လ်ဆုရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဘယ်လာရုစ် နိုင်ငံသားတွေထဲက တဦးဖြစ်ပါတယ်။
မနှစ် အောက်တိုဘာလမှာ ရုရှားလူ့အခွင့်အရေးအဖွဲ့ မန်မိုရီရယ်နဲ့ ယူကရိန်း ပြည်သူ့လွတ်လပ်ရေးစင်တာတို့နဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့တဲ့ ဘီယဲလီယက်စကီးဟာ ၂၀၂၁ ခုနှစ်မှာ Viasna လူ့အခွင့်အရေးအဖွဲ့က လုပ်ဖော်ကိုင်ဘက် နှစ် ဦးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
သူတို့ ၃ ဦးဟာ ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့မှုအပြင် ငွေကြေးမှောင်ခိုမှုတို့နဲ့အတူ ထောင်ဒဏ် ၇ နှစ်ကနေ ၁၂ နှစ်အထိ ကျခံရနိုင်တဲ့ စွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘီယဲလီယက်စကီးက အဲဒီစွပ်စွဲချက်တွေအပေါ် လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသလို သူ့ရဲ့ရှေ့နေကိုလည်း ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်မပြောဖို့ တားမြစ်ထားပါတယ်။
သူ့ရဲ့မိတ်ဆွေတွေကတော့ ဒီအမှုဟာ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် နိုင်ငံရေးအရ ဒဏ်ခတ်ခံရမှုလို့ ရှုမြင်ကြပါတယ်။
ဘယ်လာရုစ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ၄ ယောက်မြောက် လူအခွင့်အရေး ကာကွယ်သူ တဦးကိုတော့ အလားတူပြစ်မှုတွေအတွက် မျက်ကွယ်တရားစီရင်မှာ ဖြစ်ပါတယ်။
ဒီတရားခွင်မှာ တရားသူကြီးက ရုရှားဘာသာအစား ဘယ်လာရုစ်ဘာသာနဲ့ ရုံးတင်စစ်ဆေးဖို့ ငြင်းပယ်ခဲ့ပြီး ဘီယဲလီယက်စကီးရဲ့ ဘာသာပြန်တဦး တောင်းဆိုမှုကိုလည်း ပယ်ချခဲ့တယ်လို့ Viasna အဖွဲ့က တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက အာဏာရရှိခဲ့တဲ့ သက်တမ်းရှည်ခေါင်းဆောင် အလက်စ်ဆန်းဒါး လူကာရှန်ကိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိတယ်လို့ အတည်ပြုချိန်မှာပဲ ဆန္ဒပြပွဲအများအပြား ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး Viasna လူအခွင့်အရေးအဖွဲ့က လက်ရှိ ရာနဲ့ချီပြီး ထောင်ကျနေတဲ့ ဘယ်လာရုစ်နိုင်ငံသားတွေအတွက် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးအရပါ ထောက်ပံ့ခဲ့ပြီး ဦးဆောင်မှုကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
လူ့အခွင့်အရေးကာကွယ်သူ မိတ်ဘက်တွေက ဘီယဲလီယက်စကီးနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို “နိုင်ငံရေးအကျဉ်းသားတွေ” အဖြစ် သတ်မှတ်ခဲ့ပြီး ဘယ်လာရုစ် အကျဉ်းထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ အားပေးထောက်ခံသူတွေက ခန့်မှန်းထားပါတယ်။