ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဂျူလီယန် နာဂယ်စမန်းဟာ ချဲလ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂရေဟမ်ပေါ်တာ နေရာမှာ အစားထိုးဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ တနင်္လာနေ့က ဗြိတိန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ပရီးမီးယားလိဂ်မှာ ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး အသင်းကို တည်ဆောက်ခဲ့ပေမဲ့လည်း အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေသလို ရလဒ်တွေလည်း ဆက်တိုက်ဆိုးရွားလာတာကြောင့် ချဲလ်ဆီးအသင်းက ပေါ်တာကို အခုလို ထုတ်ပယ်လိုက်တာပါ။
ချဲယ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ ဘရူနိုဆယ်တာ ကတော့ နည်းပြအသစ် မခန့်အပ်ခင်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး လာမယ့်အင်္ဂါနေ့ကျရင်လည်း လီဗာပူးအသင်းနဲ့ စတန်းဖို့ဘရစ်ချ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်အသစ်တွေဟာ ပေါ်တာကို ဘရိုက်တန်အသင်းကနေ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလမှာ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီအင်္ဂလိပ်လူမျိုးနည်းပြအနေနဲ့ ချဲယ်ဆီးအသင်းကို ၃၁ ပွဲ ကိုင်တွယ်ရာမှာ ၁၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပါ။
ချဲလ်ဆီးနည်းပြရာထူးအတွက် သတင်းတွေထွက်ပေါ်နေတဲ့အထဲမှာ စပါးနဲ့ ပီအက်စ်ဂျီအသင်း နည်းပြဟောင်း ပိုချက်တီနို၊ စပိန်နဲ့ ဘာစီလိုနာအသင်း နည်းပြဟောင်း လူးဝစ် အန်းနရစ်၊ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်း၊ ဖရန့်ဖတ်အသင်းရဲ့ လက်ရှိနည်းပြ အော်လီဗာ ဂလက်စ်နာ၊ စပို့တင်းနည်းပြ ရူဘင် အမိုရင်မ်တို့နဲ့အတူ လက်စတာစီးတီးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဘရန်ဒန် ရော်ဂျာလည်း ပါဝင်နေပါတယ်။
တိုက်စစ်မှူးဟာရီကိန်းကို ခေါ်ယူချင်ကြောင်း မှတ်ချက်ပေးခဲ့တဲ့ ဘိုင်ယန်နည်းပြ နာဂယ်စ်မန်းကို စပါးနည်းပြကွန်တီက ဝေဖန်လိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းဟာ ဟာရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။
ဟာရီကိန်း အနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ကစားမယ်ဆိုရင် ဂိုးတွေပိုပြီး သွင်းယူနိုင်မှာဖြစ်ကြောင်း၊ ဟာရီကိန်းရဲ့ပြောင်းရွှေ့ကြေးဟာ မြင့်မားလွန်းပြီ ပြိုင်ဘက်အသင်းရဲ့ ကစားသမားအကြောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ စကားဟာ စပါးအသင်းကို မလေးစားတဲ့ လုပ်ရပ်ဖြစ်ပြီး ဟာရီကိန်းကို ရောင်းချမှာလဲမဟုတ်ကြောင်း နည်းပြ ကွန်တီကပြာပါ တယ်။
ကိုယ်တိုင်လည်း တခြားအသင်းရဲ့ ကစားသမားတစ်ဦးအကြောင်းကို မပြောသလို တခြားနည်းပြတွေအနေနဲ့လည်း လေးစားမှုထားပြီး ဆင်ခြင်သင့်ကြောင်း စပါးနည်းပြကွန်တီက ပြောပါတယ်။