ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ငမြင်းဘော်(ခမီး)ကျေးရွာမှာ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ၊ စီးကရက်ဖာတွေနဲ့အတူ လူ ၉ ဦးကို မတ်လ ၂၃ ရက် မနက် ၁၀ နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဘူးသီးတောင်နယ်မြေ နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံက သိရပါတယ်။
“သတင်းအရ နယ်မြေခံတပ်ရင်းက သွားရောက်ဖမ်းဆီးခဲ့ကြတာ။ ဆိုင်ကယ် ၆ စီးနဲ့ လူက ၉ ဦး၊ ဆိုက်ကယ်တွေမှာ စီးကရက်ဖာတွေတင်ပြီး ငမြင်းဘော်ရွာက ထွက်ခွာလာကြတာ။ စီးကရက်ဖာထဲမှာ မူးယစ်ဆေးဝါးတွေ ရှာဖွေဖမ်းဆီးရမိခဲ့ကြတာ။”
ORIS နဲ့ MOND တံဆိပ်ပါ စီးကရက်ဖာ ၃၅ ဖာ တင်ဆောင်မောင်းနှင်လာကြတဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၆ စီးကို သတင်းအရ နယ်မြေခံရဲတပ်ရင်းမှ ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ဆေးလိပ်ဖာအတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၆၀၀ ရှိ WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြားနဲ့ ကာလတန်ဖိုး ကျပ် ၁၇၅ သိန်းကျော်တန်ဖိုးရှိ စီးကရက်တောင့် ၁,၇၅၀ တောင့် ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေမှာ မောင်တောမြို့နယ်၊ မြဝတီကျေးရွာနေ ခင်မောင်ဦး (၂၄ နှစ်) (ဘ) ဦးရန်မောင်၊ မောင်လှသိန်း (ခ) ထွန်းထွန်းမောင် (၂၁ နှစ်) (ဘ) ဦးအေးထွန်းမောင်၊ ခင်မောင်သန်း (၂၀ နှစ်) (ဘ) ဦးလှဝင်းမောင်၊ သိန်းလှိုင် (၂၃ နှစ်) (ဘ) ဦးရိုင်းဆောင်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာနေ မေရှိုင်း (၁၇ နှစ်) (ဘ) ဦးကံပူး၊ ချစ်လှိုင် (၂၃ နှစ်) (ဘ) ဦးအောင်ဘော်၊ အောင်အောင် (၂၅ နှစ်) (ဘ) ဦးဟုံတွဲ၊ နိုင်ဦး (၁၉ နှစ်) (ဘ) ဦးရန်ရုံးနဲ့ ခမောင်းဆိပ်ကျေးရွာနေ ကိုင်ဝေ (၃၈ နှစ်) (ဘ) ဦးဇင်ပွဲတို့ဖြစ်ကြကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
“သူတို့ရဲ့ ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စစ်ဆေးနေတယ်” လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ဖမ်းဆီးမိတဲ့ တရားခံတွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံထားပြီး ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို စစ်ကောင်စီတပ် ဗျူဟာမှူးက ခေါ်ယူတွေ့ဆုံပြီး အေအေ တဖက်တည်းကို အစွန်းမရောက်ဖို့ ခေါ်ယူ အသိပေးခဲ့တယ်လို့ ဘူးသီးတောင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ဗျူးဟာမှူးကိုယ်တိုင် ခေါ်ပြီးပြောတာ။ သူပြောတာကတော့ အေးဆေးပါ။ ခြိမ်းခြောက်တာလည်း မဟုတ်ပါဘူးပေါ့။ အားလုံးကို သူတို့သိတယ်။ အေအေ တဖက်တည်းကို အစွန်းရောက်မသွားစေနဲ့၊ တဖက်နဲ့တဖက် သတိထားပြီး လုပ်ဆောင်ကြဖို့ ပြောတာပါ” လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ဘူးသီးတောင်မြို့နယ် စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က အခုလို ခေါ်ယူပြောဆိုလိုက်တာပါ။
ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ၂၀၁၇ ခုနှစ် အကြမ်းဖြစ်စဥ်မှာ ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်ကျေးရွာတွေက လူနေအိမ်မြေနေရာနဲ့ လယ်ယာမြေတွေကို အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရောင်းစားပါက အရေးယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။
“သူပြောတာကတော့ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေရဲ့ မြေနေရာတွေနဲ့ လယ်မြေတွေကို ရောင်းစားထားတာတွေရှိရင် အရေးယူသွားမယ်လို့ ပြောပါတယ်။”
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှစ်ဖက် အုပ်ချုပ်ရေးအကြား အကျပ်အတည်းတွေ တွေ့နေရတယ်လို့ ပြောကြပါတယ်။
“မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပိုပြီး အခက်တွေ့နေရတယ်။ ဟိုဘက်က တောင်းဆိုလာတာကိုလည်း လွန်ဆန်လို့မရဘူး။ ဒီဘက်က ညွှန်ကြားလာတာလည်း ရှာဖွေမပေးလို့မရဘူး။ နှစ်ဖက်ကြားမှာ ကြားညပ်နေကြရတာ။”
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက် အပစ်ရပ်ထားချိန်မှာ မောင်တောအပါအဝင် ရခိုင်ဒေသတခုလုံးကို စစ်ကောင်စီတပ်က စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတဲ့အပြင် ရခိုင်လူမျိုးတွေကို သွေးခွဲ နေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်သွားနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။