close

ဘောလုံး

close

March 22, 2023

အိမ်ရှင်အိန္ဒိယနှင့်ကန်မည့်ပွဲ ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း မြန်မာနည်းပြပြော

အိမ်ရှင်အိန္ဒိယအသင်းနဲ့ပွဲဟာ ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြသစ် မိုက်ကယ်ဖိုက်တန်ဘိုင်နာက ပြောပါတယ်။

မြန်မာဘောလုံးအသင်းဟာ  Hero Tri Nation  ၃ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအဖြစ် အိန္ဒိယနိုင်ငံ အင်ဖာမြို့မှာ ပွဲစဉ်နှစ်ပွဲယှဉ် ပြိုင် ကစားသွားရမှာပါ။

မတ်လ ၂၂ ရက်မှာ အိမ်ရှင်အိန္ဒိယနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး စုစည်းလေ့ကျင့်ချိန်နည်းပါးလို့ ခက်ခဲမှုရှိနိုင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတော့မရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြော ပါတယ်။

“အိမ်ရှင်နဲ့ပွဲက ကျနော်တို့အတွက် ပထမဆုံးပွဲလည်း ဖြစ်သလို စုဖွဲ့မှု တစ်ကြိမ်တည်းနဲ့ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာမယ့် အနေအထားပါ။ ကစားသမားတွေကို ကျနော်ယုံပါတယ်။ သူတို့က တစ်ဦးချင်း နေရာအလိုက်ထူးချွန်တဲ့ ကစားသမားတွေပါ။ ရလဒ် ဘယ်လိုထွက်ပေါ်မလဲဆိုတာ အခုအချိန်မှာ ဘာမှပြောလို့မရဘူး။ ကျနော်တို့ ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပေမဲ့ မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိပါဘူး။ ကစားသမားတွေ စွမ်းဆောင်မှုက အရေးကြီးသလို သူတို့ကိုလည်း ကျနော်တို့ ယုံကြည်ပါတယ်။ နည်းစနစ် နည်းဗျူဟာတွေဆိုတာထက် ကစားသမား တစ်ဦးချင်းကနေ အသင်းလိုက် စွမ်းဆောင်နိုင်မှုကို ပိုမျှော်လင့်ပါတယ်။”

ထိုင်းနဲ့ မလေးရှားနိုင်ငံက ကလပ်တွေမှာကစားနေတဲ့ ကစားသမားတွေဟာ မတ်လ ၂၁ ရက်ကမှ အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့တာလို့ အိန္ဒိယနဲ့ပွဲမတိုင်ခင် လေ့ကျင့်ချိန် တစ်ချိန်ပဲရှိမှာပါ။ မလေးရှားကလပ် PDRM မှာကစားနေတဲ့ ကွင်းလယ်လူ ကျော်မင်းဦးကတော့  အသင်းမှာအတွေ့ အကြုံရှိကစားသမားတွေနဲ့ လူငယ်တွေပေါင်းစပ်ထားပြီး ရလဒ်ကောင်းရရှိအောင် အစွမ်းကုန်ကြိုး စား ကစားမှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာအသင်းဟာ မတ်လ ၂၅ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

PHOTO-MFF

2 days Ago

February 15, 2023

မယ်ဆိုင်ဂူထဲပိတ်မိခဲ့သည့် တောဝက်အကယ်ဒမီ လူငယ် ၁ ဦး အင်္ဂလန်၌ ဘောလုံးလေ့ကျင့်စဉ် ချော်လဲပြီးရသည့်ဒဏ်ရာကြောင့် သေဆုံး

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်ဂူကြီးထဲမှာ နှစ်ပတ်ကြာပိတ်မိ အသက်ဘေးနဲ့ကြုံတွေ့ခဲ့တဲ့ တောဝက်အကယ်ဒမီ ဘောလုံးအသင်းသား လူငယ် ၁၃ ဦးအနက် နောင့်ဒွမ့် ဆိုတဲ့လူငယ်လေးဟာ ပညာသင်ဆုရလို့ အင်္ဂလန်နိုင်ငံမှာသွားရောက်  ဘောလုံးကန်ရင်း ချော်လဲတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီလို့ ထိုင်းမြောက်ပိုင်းပြန်ကြားရေးဌာန PR.Thailand ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

သူဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ဘောလုံးကစားနေစဉ် ကွင်းထဲမှာ ချော်လဲခဲ့ကြောင်း၊  ဆေးမှူးတွေက ရှေးဦးသူနာပြုစုကာ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ၊ ဦးခေါင်းနဲ့ ကြမ်းပြင် ဆောင့်မိတဲ့အရှိန်နဲ့ သတိမလည်နိုင်ဘဲ ဆေးရုံအရေးပေါ်ခန်းမှာ အောက်စီဂျင်ပေးထားရပြီး ၂- ၃ ရက်ခန့်အကြာမှာ သေဆုံးသွားတာလို့ အဆိုပါသတင်းမှာ ဖော်ပြပါတယ်။ 

နောင်းဒွမ့် (ခ) ဒွမ့်ဒုမ်ဖေ့ချ် ဖရူမ်ထိပ်ဟာ တောဝက်အကယ်ဒမီလူငယ်ဘောလုံးအသင်းရဲ့ တိုက်စစ်မှူးဖြစ်ပြီး သူတို့ဂူကနေလွတ်မြောက်ကာစ အင်တာဗျူးမှာ ကြီးလာရင်ထိုင်းနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်ချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက  Sport Education နဲ့ Zico Foundation  အဖွဲ့အစည်းက ပေးအပ်တဲ့ ပညာသင်ဆုကိုရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ  Brooke House College Football Academy ကျောင်းမှာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။

လက်ရှိ အသက် ၁၇ နှစ်ရွယ်သာရှိသေးပြီး အနာဂတ်အလားအလာကောင်းတဲ့ သူလို လူငယ်တစ်ယောက် ဆုံးပါးသွားတဲ့အတွက် ထိုင်းလူမှုကွန်ရက်မှာ နှမျောတသစွာ ဝမ်းနည်းကြောင်းပို့စ်တွေရေးသား မျှဝေနေကြပါတယ်။

1 month Ago
Up