close

မင်္ဂလာဆောင်

close

December 29, 2022

လောင်းလုံးတွင် မင်္ဂလာဆောင်ပွဲတခု၌ ဗုံးပေါက်ကွဲပြီး လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာက မင်္ဂလာဆောင်ပွဲတခုမှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာကြောင့် လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

မျက်မြင်ရွာခံအမျိုးသမီးတဦးက “လူ ၂ ယောက် အိတ်အမည်းနဲ့ လာချခဲ့တာ။ အစက အမှိုက်ထုပ်ပဲ ထင်နေတာ။ ဗုံးက ၂ ချက် ပေါက်တယ်၊ ပထမတချက်ပေါက်လို့ ကျမတို့ အိမ်ထဲ ဝင်ပြေးမှ နောက်တချက် ထပ်ပေါက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၆ ဦးကို ထားဝယ်ဆေးရုံကြီး တင်ပို့ထားပြီး လက်ရှိမှာတော့ ဆေးကုသမှုခံယူနေကာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့လည်း သိရပါတယ်။

ရွာခံတဦးက “အထိများတာ ခါးအောက်ပိုင်းကို ထိများတယ်။ ရင်ဘတ်မှာထိတဲ့ လူငယ်တယောက်ကတော့ သတိလစ်သွားတယ်။ အခုတော့ သတိပြန်ရနေပြီ” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာသူတွေကတော့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦး၊ အမျိုးသမီးကြီးတဦးနဲ့ ၁၆ နှစ်ကနေ ၂၀ ကျော်ဝန်းကျင်အရွယ်ရှိ လူငယ်အများစု ဖြစ်ကြပါတယ်။

ဝေဒီကျေးရွာမှာ ဒီနေ့မနက်ပိုင်းက မင်္ဂလာဆောင်နှစ်ခုရှိခဲ့ပြီး တခုမှာ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

​ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Dawei Defense Team DDT တပ်ခွဲ ၃ တို့ကတော့ အဲဒီပေါက်ကွဲမှုဟာ သူတို့တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားအောင် စစ်ကောင်စီက လုပ်ကြံဖန်တီးတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြန်ကြားရေးဘက်ကတော့ အကြမ်းဖက်သမားတွေက မင်္ဂလာဆောင်မှာ ဆက်ကြေးကောက်တာ မပေးတဲ့အတွက် ဗုံးဖောက်ခွဲခဲ့တာလို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း အလှူပွဲ၊ မင်္ဂလာပွဲ၊ တခြားပျော်ပွဲရွှင်ပွဲတွေနဲ့ လောင်းကစားဝိုင်းတွေ မကျင်းပကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Dawei Defense Team DDT တပ်ခွဲ-၃ တို့က သတိပေး ထုတ်ပြန်ထားပါတယ်။

2 weeks Ago

August 15, 2021

ပါကစ္စတန်တွင် မင်္ဂလာဆောင်မှပြန်လာသည့်ကား ဗုံးခွဲခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံရဲ့အကြီးဆုံးမြို့ ကရာချိမှာ မင်္ဂလာဆောင်ကနေ အိမ်ပြန်လာတဲ့ အမျိုးသမီးတွေ၊ ကလေးတွေပါတဲ့ ကုန်ကားကို သြဂုတ် ၁၄ ရက်ညက ဗုံးခွဲတိုက်ခိုက်တာကြောင့် ၁၀ ယောက်ထက်မနည်း သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။

လွတ်လပ်ရေးနေ့ကို ဆင်နွှဲနေတဲ့ အချိန်ဖြစ်လို့ တိုက်ခိုက်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသလို  ဘယ်သူ့လက်ချက်ဆိုတာကိုလည်း မသိရ သေးပါဘူး။ 

ကနဦးစုံစမ်းစစ်ဆေးချက်အရ မော်တော်ဆိုင်ကယ် စီးလာသူတွေက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပုံရတယ်လို့ ကရာချိရဲတပ်ဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန အကြီးတန်း အရာရှိက ပြောပါတယ်။

အရင်အပတ်ကလည်း နိုင်ငံအနောက်တောင်ပိုင်း ကတ်တာမြို့မှာ ဗုံးနဲ့ သီးခြားတိုက်ခိုက်မှု ၂ မှုအတွင်း လူ ၂ ယောက် သေဆုံးခဲ့ ပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ ဘာလို့ချ် ခွဲထွက်ရေးအဖွဲ့က သူတို့ လက်ချက်လို့ အခိုင်အမာ ကြေညာခဲ့ပါတယ်။

1 year Ago
Up