close

မတ္တရာ

close

March 29, 2023

မတ္တရာတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ အင်အား ၇၀ လောက်ပါတဲ့ စစ်တပ်ကား ၅ စီး မတ္တရာမြို့ဘက်ကို ပြန်ဆုတ်လာတဲ့အချိန် ဒီနေ့ မတ်လ ၂၉ ရက် မနက် ၇ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မန္တလေး-မိုးကုတ် ကားလမ်းပေါ်က တံတားဖြူတံတားနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်တီက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာန အဖွဲ့ ၅ က ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ အတူပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးရွာနဲ့ မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာတွေကို မတ်လ ၂၈ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး မွှေနှောက်ခဲ့ကြပြီး ညနေ ၃ နာရီလောက်မှာ မတ္တရာမြို့နယ် မြွေဟင်္သာရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

4 weeks Ago

March 23, 2023

မတ္တရာတွင် စစ်ကောင်စီတပ်က ရွာသား ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး မီးရှို့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးရွာက ဒေသခံ ရွာသားတဦးကို စစ်ကောင်စီတပ်က မတ်လ ၂၃ ရက် ဒီမနက်က ဖမ်းဆီးပြီး ဦးခေါင်းဖြတ်ကာ မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကျောက်ဆည်လေးဒေသခံ ရွာသားတဦးက “ဒီနေ့မနက် ၅ နာရီလောက်မှာ ဇီးဖြူပင်ရွာကနေ ကျနော်တို့ ကျောက်ဆည်လေးရွာဘက်ကို ဝင်လာတယ်ဗျ။ အဲလို သူတို့ဝင်လာတဲ့အချိန်မှာ လက်နက်‌တွေနဲ့ ရွာထဲက မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးထိုင်သောက်နေတဲ့ PDF လေးဦးကို တွေ့ပြီး ပစ်ခတ်တာတွေ ဖြစ်ကြသေးတယ်ဗျ။ PDF လေးဦးကတော့ မဖမ်းမိဘဲ လွတ်အောင်ထွက်ပြေးနိုင်သွားတယ်။ အဲလို PDF လေးဦး မမိလိုက်တာကြောင့် ကျနော်တို့ရွာက ကိုမြင့်လေးနဲ့ ရွာသား ၃ ဦးကို သူတို့ ဖမ်းခေါ်သွားတယ်ဗျ။ သူတို့ ရွာထဲကနေ ထွက်သွားပြီး ကျနော်တို့ ကျောက်ဆည်လေးရွာထိပ်က သရက်ခြံထဲက တဲထဲမှာ မီးရှို့ပြီး သတ်ထားခဲ့တဲ့ အလောင်း ကျနော်တို့ တွေ့ထားတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီ သတ်ဖြတ်ထားခဲ့တဲ့ ဦးခေါင်းဖြတ်အလောင်းဟာ ကျောက်ဆည်လေးရွာက ကိုဝင်းထွေး အလောင်းဖြစ်ပြီး ဦးခေါင်းပြတ်ကို ကျောက်ဆည်လေးရွာအရှေ့ဘက် ကားလမ်းမပေါ်ကနေ ဒေသခံတွေ ရှာဖွေတွေ့ရှိထားတယ်လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ကတော့ ကျောက်ဆည်လေးရွာ အရှေ့မြောက်ဘက် ရေလေးရွာဘက် စစ်ကြောင်းထိုးသွားကြပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မတ်လ ၂၀ ရက်က မင်းကံဘုတ်ကျေးရွာကနေ စတင်ကာ ဘိုင်ဗင်ရေတံခွန်ဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး ဘိုင်ဗင်ရွာမှာ တညအိပ်ကာ ဗရောရွာကိုဖြတ်ပြီး တောင်ခေါင်းရွာမှာ တပ်ဆွဲခဲ့တဲ့ တပ်ဖြစ်ပါတယ်။

အဲဒီတောင်ခေါင်းရွာကနေ မတ်လ ၂၂ ရက်နေ့မှာ ဇီးဖြူပင်ရွာဘက်ကို စစ်ကြောင်းထိုး ဖြတ်သန်းခဲ့ပြီး ကင်းရွာကို ဝင်ရောက်ကာ ဒေသခံ ကိုကျော်စွာဝင်း အပါအဝင် ဒေသခံ ၅ ဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
Up