မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်က လိဂ်ပွဲစဉ်မှာ နှစ်ဖက် ကစားသမားတွေက ဒိုင်ကို ဝိုင်းဝန်းစောဒကတက်တက်ခဲ့လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကရေးယူတော့မှာပါ။
အာဆင်နယ်ကစားသမားတွေဟာ ပွဲချိန် ၅၆ မိနစ်မှာ ပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး အန်တိုနီတေလာကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြပြီး VAR နဲ့ ပြန်လည်စစ်ဆေးအပြီးမှာ ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။
မန်စီးတီးကစားသမားတွေက ပွဲချိန် ၄၂ မိနစ်မှာ ပင်နယ်တီပေးခဲ့ရမှုနဲ့ ၆၄ မိနစ်မှာ အန်ကတ်တီယာကို အနီကတ်မပြတာကြောင့် နှစ်ကြိမ်အထိ ဒိုင်လူကြီးကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြတယ်လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီဖြစ်ရပ်တွေမှာ အသင်းတွေဘက်က ကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့တာကြောင့် အရေးယူသွားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်မတိုင်ခင်မှာ တုံ့ပြန် ချက်တစ်ခုခု ပေးနိုင်ကြောင်း အက်ဖ်အေကထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အလားတူ စောဒကတက်မှုကြောင့် ပေါင် ၄၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီး အောက်စဖို့ဒ်နဲ့ ရှုံးထွက်ပွဲစဉ်က ဖြစ်ရပ်အပေါ်မှာတော့ အယူခံတင်ထားတာဖြစ်ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကို ကျော်တက်ပြီး ချန်ပီယံဆုဖလားရဖို့ မန်ယူနည်းပြ တန်ဟတ်ဂ်က ရည်မှန်းထားပါတယ်။
လက်ရှိအချိန်မှာ မန်ယူအသင်းက မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကို ၅ မှတ်အကွာနဲ့ ဖိအားပေးနေတာပါ။
လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် အပေါ်နှစ်သင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုယူဖို့ နည်းပြတန်ဟတ်ဂ်ကမျှော်မှန်းထားတာပါ။
ချန်ပီယံဆုဖလားကိုစိန်ခေါ်နိုင်ဖို့အတွက် လက်ရှိပုံစံအတိုင်း လာမယ့်ဧပြီလအထိ ဆက်သွားဖို့ လိုအပ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒါပေမဲ့ နောက်လာမယ့် ပွဲစဉ်တစ်ပွဲချင်းစီကို အာရုံစိုက်တာကတော့ အသင်းအတွက် အားအင်နဲ့ အာရုံစူးစိုက်မှုပိုကောင်းမှာဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ အဲဒီပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။