ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မြို့နယ် ၄ မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လူထုတွေ့ဆုံပွဲ အမည်ခံကျင်းပတဲ့ မဲဆွယ်ဟောပြောပွဲကို တက်ရောက်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးက ပြည်သူတွေကို ဖိအားပေးခေါ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံပြည်သူတွေကို အရေးကြီးအစည်းအဝေးရှိလို့ မဖြစ်မနေ တက်ရောက်ရမယ်လို့ ခေါ်ပြီး သွားတဲ့အချိန်မှာ ကြံ့ခိုင်ရေးပါတီရဲ့ တွေ့ဆုံပွဲဆိုတာ သိခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မအူပင်မြို့ခံပြည်သူတဦးက “ရာအိမ်မှူးကိုယ်တိုင်လိုက်ခေါ်တာ။ အရေးကြီးအစည်းဝေးရှိလို့ဆိုပြီး တစ်အိမ် တစ်ယောက် မဖြစ်မနေတက်ရမယ်ဆိုပြီး ခေါ်တာ။ ဟိုရောက်တော့ အဝင်အဝမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတော့မှ ကြံ့ခိုင်ရေးပါတီရဲ့ တွေ့ဆုံပွဲဆိုတာ သိရတာပါ”လို့ ပြောပါတယ်။
ကျေးရွာတွေမှာ လိုက်ပြီးပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့တွေ့ဆုံပွဲဟာ မဲဆွယ်တဲ့သဘောမျိုး ဟောပြောတာတွေ ပြုလုပ်ပြီး ရွာမှာရှိတဲ့သူတွေအားလုံး မတက်ရဘဲ လူငယ်အများစုကိုသာ စစ်ကောင်စီခန့် အုပ်ချုပ်ပိုင်းက ရွေးခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ လူထုတွေ့ဆုံပွဲတွေကိုတော့ ကျေးရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက စီစဥ်ပေးရပြီး အစားအသောက်တွေ ပြန်ကျွေးလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပန်းတနော်မြို့ခံပြည်သူတဦးက “အစည်းဝေးရှိတယ်ဆိုလို့သွားတာ။ ဟိုရောက်တော့ နာမည်မေးပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့က ဆိုင်းဘုတ်မြင်မှ ကြံ့ခိုင်ရေးပါတီကလုပ်တာမှန်း သိတာ။ တချို့က ချက်ချင်း ပြန်တဲ့သူတွေလည်းရှိတယ်။ ကြောက်တဲ့သူတွေကတော့ ဆက်ငြိမ်နေရတယ်”လို့ ပြောပါတယ်။
မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကို ကြံ့ခိုင်ရေးပါတီရဲ့ အကြီးကဲပိုင်းတွေက လိုက်လံတွေ့ဆုံနေတာဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စီစဥ်ပေးနေတာလို့ ဆိုပါတယ်။
မအူပင်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးအပါဝင် ရိုဟင်ဂျာ ၅၈ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာ ၅၈ ဦးကို ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး မြစ်ထဲ စက်လှေတွေပေါ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ ကလေး ၄ ဦးဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“မအူပင်ကို မြစ်ကြောင်းက ဝင်လာတာတော့ ရှားတယ် သူတို့လမ်းလွဲရောက်လာတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အထောက်အထားမဲ့ဆိုတော့ ဖမ်းရတာပဲ။ ကိုယ်ဝန်ဆောင်သည်တဦးလည်းပါတယ်၊ စက်လှေမောင်းလေးဦးက လိုက်ပို့တာ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရိုဟင်ဂျာ ၅၈ ဦး လိုက်ပါလာတဲ့ စက်လှေကို တာပေါ်လင် မိုးကာစတွေနဲ့အုပ်ပြီး ခေါ်လာတာကြောင့် မသင်္ကာလို့ စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ရိုဟင်ဂျာ ၅၄ ဦးနဲ့ စက်လှေမောင်း ၄ ဦးကို ရွှေတောင်မှော်နယ်မြေရဲစခန်းမှာ လ၀က ဥပဒေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အရပ်သားအစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကို ခုလိုမျိုး ရိုဟင်ဂျာတွေ ဝင်ရောက်မှုတွေရှိပေမယ့် နေရပ်သာပြန်ပို့ပေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖမ်းဆီးထောင်ချလာတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။