ဘိုင်ယန်မြူးနစ်အသင်းဖော်တွေဖြစ်တဲ့ မာနေးနဲ့ဆာနေးတို့ ခိုက်ရန်ဖြစ်ခဲ့တာက စည်းလုံးမှု ပိုရှိ သွားနိုင်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားပြီး ဒုတိယအကျော့အဖြစ် ဂျာမန်မြေမှာသွားရောက်ရင်ဆိုင်ရမှာပါ။
ပထမအကျော့ပွဲစဉ်အပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ဆွေးနွေရင်းကနေ မာနေးက ဆာနေးကို လက်သီးနဲ့ထိုးကြိတ်ခဲ့ပြီး အဲဒီအတွက် မာနေးကို ဘိုင်ယန်အသင်းကတစ်ပွဲပယ်နဲ့ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။
နည်းပြဂွာဒီယိုလာကတော့ တခါတရံမှာ ပိုမိုစည်းလုံးမှုရှိစေဖို့အတွက် ပဋိပက္ခ ဖြစ်ဖို့လိုအပ်ကြောင်း၊ ပြိုင်ဘက်ကစားသမားနှစ်ဦးခိုက်ရန်ဖြစ်ပွားတာက အားနည်းချက်မဟုတ်ဘဲ အားသာချက်ဖြစ်သွားနိုင်ကြောင်း ပြောပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းရဲ့အိမ်ကွင်းဟာလည်း အန္တရာယ်ရှိတဲ့နေရာဖြစ်လို့ ၃ဂိုးပြတ် အနိုင်ရထားပေမဲ့ သတိထားကစားသွားရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းနဲ့ပွဲစဉ်အပြီးမှာ အသင်းဖော်ဆာနေးကို လက်သီးနဲ့ထိုးကြိတ်ခဲ့တဲ့မာနေးကို ပွဲပယ်နဲ့ ဒဏ်ကြေးချမှတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ မန်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဆာနေးနဲ့ အချင်းများခဲ့တာပါ။ မာနေးဟာ လက်သီးနဲ့ ထိုးကြိတ်ခဲ့တာကြောင့် ဆာနေးရဲ့နှုတ်ခမ်းလည်းပေါက်ပြဲခဲ့တယ်လို့သိရပါတယ်။
မာနေးအနေနဲ့ ဟော့ဖမ်ဟမ်ဇ်အသင်းနဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာပါဝင်မှာမဟုတ်သလို ဒဏ်ကြေးလည်း ချမှတ်ခဲ့ကြောင်း၊ မန်စီးတီးနဲ့ပွဲစဉ် အပြီးမှာ မသင့်လျော်တဲ့အပြုအမှု လုပ်ခဲ့တာကြောင့်ဖြစ်ကြောင်း ဘိုင်ယန်အသင်းကတရားဝင်ထုတ် ပြန်ခဲ့တာပါ။
မာနေးနဲ့ ဆာနေးတို့ လေ့ကျင့်ရေးကွင်းမှာနီးနီးကပ်ကပ်လေ့ကျင့်နေပုံကိုလည်း ဘိုင်ယန် အသင်းက ထုတ်ပြန်ခဲ့ပါတယ်။