စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုရွာအနီးမှာ ဇန်နဝါရီ ၂၇ ရက် မနက်က မြင်းဒေါင်းရွာမှာတပ်စွဲပြီး ရေဦး-ခင်ဦး လမ်းအတိုင်း အင်အား ၁၀၀ ကျော်လိုက်ပါလာတဲ့ စစ်ကောင်စီတပ် ထောက်ပို့ကားသုံးစီးနဲ့ ဒေသကာကွယ်ရေးတပ် ကင်းထောက်ရဲဘော် ၂ ဦး တွေ့ပြီး ပစ်ခတ်ခံရတဲ့အတွက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကင်းထောက်ရင်း ကျဆုံးခဲ့တဲ့ ဦးထွန်းလှိုင်ရွှေဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်သလို ကျန်တဦးကတော့ ကာကွယ်ရေးရဲဘော် ရဝေအောင်ဖြစ်ပြီး မကျီးအုပ်ရွာက ပြည်သူလူထုကို သတင်းပေး ကာကွယ်ဖို့အတွက် ရေဦး-ခင်ဦး လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့တွေ့ပြီး အခုလို ကျဆုံးခဲ့တာလို မကျီးအုပ်ရွာသားတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ တဲစုရွာအတွင်းက အိမ်ခြေ ၁၈ လုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တဲ့အတွက် အနီးဝန်းကျင်က တဲစု၊ သာဂရ၊ မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ အင်တိုင်းလေးတောင်၊ အင်တိုင်းလေးမြောက်၊ ယာတော်နဲ့ အင်းပတ် စတဲ့ ကျေးရွာ ၉ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဖေဖော်ဝါရီ ၉ ရက်က စတင်ပြီး စစ်ကောင်စီက ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၆၀၀ ကျော်ကို မီးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သီလရှင်တပါး မီးရှို့သတ်ဖြတ်ခံခဲ့ရသလို ဖမ်းဆီးခံရသူ ၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးထိ ရှိလာတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။
ခင်ဦးမြို့နယ်၊ အရာတော်ရွာနဲ့ သရက်ပင်စုရွာကြားမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ရွာသစ်ကုန်းကနေ စတင်စစ်ကြောင်းထိုးလာတဲ့ အဆိုပါစစ်တပ်ဟာ အရာတော်ရွာနဲ့ သရက်ပင်စုရွာကြားမှာ အခုလို မိုင်းဆွဲခံရတာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
“ကျနော်တို့ ကြိုစောင့်ပြီးကို ဆွဲခဲ့တာဗျ။ မိုင်းက ၃ လုံးဆွဲခဲ့တယ်ဗျ။ စစ်(--)အထိအခိုက်တော့ မသိရသေးဘူး။ သူတို့ကို မိုင်းဆွဲလို့ ရေဦး (--)ခြံကနေ လက်နက်ကြီးပစ်ကူ ပေးတာတွေ ရှိခဲ့သလို မြေပြင်အဖွဲ့ကလည်း စက်လတ်နဲ့ ပြန်ပစ်တာတွေ ရှိခဲ့တယ်” လို့ MRDA ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုကို ခင်ဦးမြို့နယ် MRDA တပ်ခွဲက ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီက အခုလို တိုက်ခိုက်ခံရပြီး ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သွားပြီး ညပိုင်းမှာ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံကနေ ၄၀ မမတွေနဲ့ အရာတော်ရွာဘက်ကို ပစ်ခတ်တာတွေ ပြုလုပ်နေပြီး ပြည်သူတွေ ထိခိုက်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိသူများပြားတယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ပခုက္ကူကနေ မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well2 စစ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဥ်တန်းအတွက်လုံခြုံရေးယူထားတဲ့ ခြေလျင်ရှေ့ပြေးကင်းတန်းကို မနေ့က ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကိုင်းတောမရဲစခန်းနဲ့ Well2ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယာက ပြောပါတယ်။
“အဲဒီစစ်သားတွေဟာ ကျနော်တို့တပ်ဖွဲ့တွေ ချထားတဲ့ မိုင်းအကြီး/အသေး ၁၅ လုံး၊ မိုင်းပွိုင့် ၃ ပွိုင့်အပေါ်ကို တည့်တည့်ရောက်လာတဲ့ အချိန်မှာ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ စစ်ကောင်စီတပ်သား အယောက် ၂၀ လောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။”
အထိနာသွားတဲ့ စစ်ကြောင်းဟာ ရှေ့ဆက်တိုးလာပြီး ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မနက်ပိုင်းမှာ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဗိုလ်လက်ယာကပြောပါတယ်။
မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တွေတုန်းကလည်း ပျူစောထီးစခန်း ၂ ခုနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၈ ယောက် လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။
ရေစကြိုမြို့ပေါ်မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီမနက် ၄ နာရီလောက်မှာ ရေစကြို ပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်ကယ် ၂ စီးနဲ့ ၄ ယောက် ကင်းလှည့်နေတာ။ ရေစကြိုမြို့အဝင်က ရဲစခန်းနဲ့ ရွှေဂူကြီးဘုရား ကြားမှာ မိုင်းဆွဲလိုက်တော့ ဆိုင်ကယ်တစီးထိမှန်ပြီး ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တာ။ အဲဒီနောက်မှာ စစ်ကောင်စီဘက်က ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ တယ်လို့ Super Fighter (ရေစကြို) တပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ကံသစ်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကို မနေ့ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်ခဲ့လို့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီး၊ ငွေညှစ်နေသလို စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံရာမှာ တက်တက်ကြွကြွ ပါဝင်နေလို့ အသတ်ခံလိုက်ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးတော့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ကာ အလောင်းကိုတော့ ရေစကြိုပြည်သူ့ဆေးရုံကို သယ်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လူဦးရေစာရင်း ကောက်ခံတာတွေ၊ အားပေးကူညီတာတွေ လုံးဝမပြုလုပ်ဖို့နဲ့ ဆက်လက်ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။