close

မိုးညှင်း

close

February 3, 2023

မိုးညှင်းမြို့မအလယ်တန်းကျောင်းဝင်းအတွင်း ဗုံး ၂ လုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မအလယ်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းတာ ၂ နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်တဲ့နေ့မှာ မြို့မ အလယ်တန်းကျောင်းဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ဒီနေ့က စစ်တပ်အာဏာသိမ်းတဲ့နေ့ တမြို့လုံးကလည်း တိတ်ဆိတ်ခြင်းသပိတ်လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။ အတော်များများက အိမ်မှာပဲနေကြတာ။ အဲဒါ အလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးကွဲတယ်။ ပြည်သူတွေ အတော်များများက နေအိမ်အပြင် မထွက်ကြဘူး။ ဘယ်သူခွဲလဲတော့ ကျနော်မသိဘူး။ ဗုံးပေါက်ပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာပဲ” လို့ ပြောပါတယ်။

မြို့မအလယ်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်းတပင် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မိုးညှင်းမြို့မအလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲတာဟာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဖောက်ခွဲမှုကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း Mohnyin Revolution Force က ထုတ်ပြန်ထားပါတယ်။

4 weeks Ago

January 24, 2023

မိုးညှင်းတွင် SSP ရှမ်းနီပါတီဝင် ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်မားမြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်က ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)  ပါတီဝင် တယောက်  သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

လူဦးရေသန်းခေါင်စာရင်း ကောက်ခံရာမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ဦးတင်ညွန့်ဟာ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “မနက် ၈ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ပစ်သွားတာ။ သူက ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိလို့ ရပ်မိရပ်ဖအနေနဲ့ ဝန်ထမ်းတွေနဲ့အတူ သန်းခေါင်စာရင်း လိုက်ကောက်ပေးတယ်။ အဲဒါကြောင့် ပစ်ပုံရတယ်။ ခေါင်းကိုမှန်တာ။ ဘယ်သူပစ်လဲဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးတင်ညွန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ကြံ့ခိုင်ရေးပါတီဝင်တဦး ဖြစ်ခဲ့ကာ မြို့နယ်လူမှုကူညီရေးအသင်းတွေမှာ ပါဝင်ခဲ့တဦး ဖြစ်ပါတယ်။

ဦးတင်ညွန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၇ မှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

1 month Ago
Up