သီရိလင်္ကာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်က စုဝေးပြီး အခွန်အခနဲ့ မီတာခနှုန်းထားတွေ အဆမတန် တိုးမြှင့်ခြင်းကနေ ပြန်လျှော့ပေးဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ သက်မွေးဝမ်းကျောင်း လုပ်ငန်းနယ်ပယ်စုံကဖြစ်ပြီး မီးရထားဂိတ် အပြင်ဘက်ရှိ လမ်းမကြီးတခုကို ပိတ်ဆို့ပြီး ကြွေးကြော်သံအမျိုးမျိုးကို အော်ဟစ် ကြွေးကြော်ခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ပညာရှင်တွေဆီကနေ ဝင်ငွေခွန် ၁၂ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ကောက်ခံမယ့် အခွန်ငွေ အစီအစဉ်သစ်ကိုလည်း ဇန်နဝါရီလမှာ မိတ်ဆက်ခဲ့ပါတယ်။
အစိုးရ ဆေးဘက်ဆိုင်ရာ အရာရှိများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဟာရီသ အလွတ်ဂ်က “အသစ်ဖွဲ့စည်းလိုက်တဲ့ အခွန်ဆိုင်ရာ ပြင်ဆင်မှုတွေဟာ အစိုးရကနေ ပညာရှင်တွေနဲ့ အလုပ်သမား လူတန်းစားအပေါ် ဆိုးဆိုးရွားရွား အနိုင်ကျင့်မှုဖြစ်လို့ ခုလို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြရတာဖြစ်ကြောင်း” ပြောပါတယ်။
တက္ကသိုလ်ဆရာများအသင်း ပြောရေးဆိုခွင့်ရှိသူ ချန်ဒသာ အီလ်လန်ဂါဆင်းဂါးကလည်း သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းမပေးရင် မတ်လ ၁ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီးကျင်းပဖို့ ဆွေးနွေးထားကြောင်း သတိပေး ပြောကြားပါတယ်။
တက္ကသိုလ်တွေ၊ လျှပ်စစ်မီး၊ ရေ အပါအဝင် အားလုံးကို ပိတ်ပစ်မှာဖြစ်ပြီး ဒီအဖွဲ့အစည်းတွေအားလုံး ဆက်တိုက် အထွေထွေသပိတ် ဆင်နွှဲကြမှာလို့ ဆိုပါတယ်။
သီရိလင်္ကာအစိုးရဟာ ဖေဖော်ဝါရီ ၁၆ ရက်က လျှပ်စစ်ဓာတ်အားခဈေးကို ၆၆ ရာခိုင်နှုန်း မြှင့်တင်ခဲ့ပြီး အစိုးရက အကျပ်အတည်းဖြစ်နေတဲ့ စီးပွားရေးအတွက် ထောက်ပံ့ကူညီမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။
အကျပ်အတည်းဒဏ်ခံနေရတဲ့ တောင်အာရှနိုင်ငံဟာ IMF ရန်ပုံငွေ ရရှိဖို့ အစိုးရဝင်ငွေတိုးဖို့ အခွန်တွေတိုးဖို့ လိုနေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဂျီဒီပီရဲ့ ၈ ဒသမ ၃ ရာခိုင်နှုန်းကနေ အခုနှစ်မှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်း တိုးပြီးရဖို့ လိုအပ်နေတာပါ။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်မှာ လျှပ်စစ်မီတာခပေးဖို့ အကြွေးကျန်ရှိတဲ့ နေအိမ်တွေကို လျှပ်စစ်ဝန်ထမ်းတွေက ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ၁၂ ရက်အထိ မီတာပုံးတွေ လိုက်ဖြုတ်သိမ်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျွန်းလှမြို့ခံ အမျိုးသားတဦးက “သူတို့က အဲဒီလို လှည့်လည်အော်လည်း ပြည်သူတွေက မီတာကြေးကို အတတ်နိုင်ဆုံး မပေးဆောင်ဘဲ နေကြတယ်။ တချို့လည်း မဆောင်နိုင်ကြဘူး။ အလုပ်အကိုင်က မရှိ၊ ငွေဝင်လမ်းကရှားတော့ မီတာဆောင်ဖို့လည်း မလွယ်ဘူး။ တချို့အိမ်တွေမှာ ၁၀ သိန်းကနေ သိန်း ၂၀ လောက်ထိ ကျတယ်။ ဆောင်ဖို့ဆိုတာ မလွယ်ဘူး။ ၁ လပိုင်းအကုန် နောက်ဆုံးဆောင်ဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ထားတာ။ အခု ၂ လပိုင်းအထိ ဘယ်သူမှ သိပ်မဆောင်ကြတော့ မီတာရုံးကလူတွေက မီတာခမဆောင်တဲ့ အိမ်တွေကို မီတာတွေ လိုက်ဖြုတ်ကြတယ်။ ပိတောက်မြိုင်ရပ်ကွက်က အိမ်ခြေ ၅၀ လောက် မီးဖြတ်ခံရတယ်” လို့ ပြောပါတယ်။
အရင်က မီတာကြွေးကျန်တွေကို အရစ်ကျခွဲပြီး ဆောင်ခွင့်ပြုထားရာကနေ ကြွေးကျန်မှန်သမျှကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်မှာ အပြီးပေးဆောင်ဖို့ လိုက်လံကြေညာပြီးနောက် မီတာခမဆောင်နိုင်တဲ့ နေအိမ်တွေကို လိုက်လံဖြုတ်သိမ်းနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြို့ခံတဦးက “မီတာတွေလိုက်ဖြုတ်တော့ ပြည်သူတွေလည်း ဒုက္ခရောက်ကြတယ်။ ရှိတဲ့သူတော့ ဆောင်ပေါ့။ မရှိတဲ့သူက အဖြုတ်ခံရုံပဲ။ ဘာမှမတတ်နိုင်ဘူး။ တချို့ဆို မီတာရုံးမှာဆောင်ဖို့ တန်းစီနေတာတောင် အိမ်ကမီတာ ဖြုတ်ခံရတာမျိုးလည်း ရှိတယ်။ မီတာဖြုတ်ခံရရင် မီတာကြေးဆောင်ပြီး ပြန်တပ်ပေးတယ်။ ပြန်တပ်ဆင်ခ ၂,၀၀၀ ပေးရသေးတယ်။ အခုရက်တွေ မီတာကြေးဆောင်ဖို့ မီတာရုံးမှာ မနက် ၇ နာရီလောက်ကနေ စပြီး တန်းစီနေရတယ်။ တချို့ဆို ညနေထိ မပြန်ရဘူး။ ဒါတောင် ဖြတ်ပိုင်းမရဘူး။ နောက်ရက်မှ ယူရတဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။
ကျွန်းလှမြို့နယ်မှာ ည ၈ နာရီကနေ မနက် ၆ နာရီအထိသာ အပြင်ထွက် သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။