ထိုင်းအလယ်ပိုင်း၊ စမွတ်ဆုန်ခမ်းခရိုင်၊ မဲ့ကလောင်မြစ်သင်္ဘောကျင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီတင်သင်္ဘောကြီး တစီးမီးလောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေသူအားလုံးရဲ့ အလောင်းတွေ ပြန်တွေ့ခဲ့ပြီး မြန်မာလုပ်သား ၇ ဦးပါဝင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မဲ့ကလောင်မြစ် ရေပြင်ဧရိယာ ၃ ကီလို ပတ်လည်မှာ လှေတွေနဲ့ရော ရေငုပ်သမားတွေနဲ့ပါ ရှာဖွေခဲ့ကြောင်း ၊ ဇန်နဝါရီ ၁၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကိုထွေးရဲ့အလောင်း၊ ညနေ ၃ နာရီလောက်မှာ မီးလောင်ရာကြောင့် တကိုယ်လုံး မည်းတူးနေတဲ့ အလုပ်သမားကြီးကြပ်သူ ထိုင်းလူမျိုး နိုင်းဝိချဲလ်လို့ ယူဆရတဲ့ အလောင်း၊ မနက် ၉ နာရီမှာ ကိုဝင်းဘိုရဲ့အလောင်း၊ မနက် ၁၀ နာရီကျော်မှာ ဦးငယ်ရဲ့အလောင်း၊ မနက် ၁၁ နာရီမှာ ဇော်မင်းရဲ့ အလောင်း၊ မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ကိုဝင်းရဲ့အလောင်း၊ မွန်းလွဲ ၁ နာရီကျော်မှာ ကိုစိုးရဲ့ အလောင်း၊ မွန်းလွဲ ၁ နာရီခွဲချိန်မှာ ကိုသီဟရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အလောင်း ၈ လောင်းထဲမှာ မြန်မာလုပ်သား ၇ လောင်းနဲ့ ထိုင်းလူမျိုးအလောင်း ၁ လောင်း ပါဝင်ကြောင်း၊ နောက်ဆုံးတွေ့ရှိတဲ့ မြန်မာလုပ်သားအလောင်းကို သင်္ဘောကြီးရဲ့ ဦးပိုင်းအောက် ရေအနက် ၄ မီတာလောက်မှာ မှောက်လျက်အနေအထားနဲ့ ပြန်တွေ့တယ်လို့ ဆိုပါတယ်။
တချို့အလောင်းတွေမှာ ပေါက်ကွဲမှုဒဏ်ချက်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်ထွက်သွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေကို အသုဘအခမ်းအနားကျင်းပဖို့ စမွတ်ဆုန်ခမ်းမြို့ လဲမ်ယိုင် ရပ်ကွက်ရှိ ဝပ်ပါက်စမွတ်ဘုန်းကြီးကျောင်းမှာ ထားရှိပါတယ်။
ဒဏ်ရာရ မြန်မာလုပ်သား ၃ ဦးနဲ့ ထိုင်းလုပ်သား ၁ ဦးကတော့ ဆေးရုံမှာကုသနေပြီး ၁ ဦးက သက်သာလို့ ဆေးရုံဆင်းရပြီလို့ ဆိုပါတယ်။
သင်္ဘောကြီး မီးလောင်ရတာနဲ့ပတ်သက်လို့ စမွတ်ဆုန်ခမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးက ဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပိုင်ရှင်ကတော့ သင်္ဘောပြင်ဖို့ လာအပ်ထားတာမို့ ပတ်သက်မှုမရှိဘဲ ဆိပ်ကမ်းအာဏာပိုင်နဲ့ သင်္ဘောပြုပြင်ရေးဘက်မှာ တာဝန်ရှိကြောင်း၊ အထူးသဖြင့် သင်္ဘောဂဟေဆော်သူတွေရဲ့ ပေါ့ဆမှုကြောင့်လို့ ကနဦးသုံး သပ်ထားပါတယ်။
သင်္ဘောပေါက်ကွဲမှုကြောင့် အနီးနားရပ်ကွက်ရှိ နေအိမ်ထိခိုက်ပျက်စီးသူပေါင်း ၁၀၀ နီးပါး ထိုက်သင့်တဲ့လျော်ကြေးတွေရရှိဖို့ ယာယီကယ်ဆယ်ရေးစခန်းမှာ စာရင်းတွေနဲ့အတူ လာရောက် တင်ပြထားကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေလည်း သေဆုံးဒဏ်ရာရ မြန်မာလုပ်သားတွေရဲ့ မိသားစုတွေကို မနေ့က လာရောက်တွေ့ဆုံအားပေးပြီး ထိုက်သင့်တဲ့နစ်နာကြေးနဲ့ အခွင့်အရေးတွေရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ခဲ့တဲ့ Smooth Sea 22 သင်္ဘောကြီးဟာ အာမခံ ၂ ခုလုပ်ထားပြီး ပထမ ၁ ခုမှာ ဘတ်သန်းပေါင်း ၆၀ ရှိကာ ဒီနှစ်မတ်လ ၂၆ ရက်ထိ သက်တမ်းရှိကြောင်း၊ ဒုတိယအာမခံမှာ နိုင်ငံခြားမှာ လုပ်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရှိကာ ဒီနှစ်ဖေဖော်ဝါရီလ ၂၀ ရက်ထိ သက်တမ်းရှိတယ်လို့ ဆိုပါတယ်။
ကိုးကား - thairath.co.th/komchadluek.net
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ဆုန်ခမ်းခရိုင်၊ မဲ့ကလောင်မြစ်ကမ်းနဘေးမှာ ဇန်နဝါရီ ၁၇ ရက် မနေ့မနက်က ပြုပြင်ဆဲ Smooth Sea Bangkok အမည်ရှိ ဆီတင်သင်္ဘောကြီး မီးလောင်ပေါက်ကွဲလို့ သေဆုံး ဒဏ်ရာရသူတွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်နေပါတယ်။
ကနဦးသတင်းတွေအရ ဒဏ်ရာရသူ ၄ ဦးထဲမှာ ကိုဝင်းဌေး၊ ကိုရာဇာ၊ ကိုအောင် ဆိုသူ မြန်မာလုပ်သား ၃ ဦးနဲ့ ဆုမ်ဖုန်းကျိုင်ဝိဆစ် ဆိုတဲ့ ထိုင်း ၁ ဦး ပါဝင်ပြီး ဖရဗုတ်ထလိုတ်လဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူတွေက ပြောပါတယ်။
မူလက ပျောက်ဆုံးသူ ၇ ဦးရှိပြီး နိုင်းဝိချဲလ်ဘွန်းလိုတ် ဆိုသူ ထိုင်း ၁ ဦးနဲ့ အားထို၊ ကိုစိုး၊ သီဟ၊ ကိုထွေး၊ ဇော်မင်း၊ ကိုငယ် ဆိုသူ မြန်မာလုပ်သား ၆ ဦးတို့ ဖြစ်ပါတယ်။
အဲဒီထဲက ကိုထွေးရဲ့ အလောင်းကို သင်္ဘောကြီးနဲ့ မီတာ ၅၀၀ အကွာမှာ ညာဘက်ပေါင်တခြမ်း ပြတ်သွားတဲ့ အနေအထားနဲ့ ပြန်တွေ့ကြောင်း၊ သူဟာ သင်္ဘောပေါ်မှာ အလုပ်လုပ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ကုန်းပေါ်ကို လွှင့်စင်သွားတာလို့ ဆိုပါတယ်။ ကျန်တဲ့ ၆ ဦးကိုတော့ သင်္ဘောပေါ်မှာရော ရေထဲနဲ့ ကုန်းပေါ်မှာပါ လိုက်လံရှာဖွေနေဆဲလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သင်္ဘောကြီးထဲမှာ မီးလောင်ပြီး မည်းတူးနေတဲ့ အလောင်း ၁ လောင်းကိုလည်း တွေ့ရှိကြောင်း၊ ဘယ်သူဘယ်ဝါဆိုတာတော့ စစ်ဆေးလို့မရသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်မှာ ကနဦးစာရင်းအရ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၄ ဦးနဲ့ ပျောက်ဆုံးသူ ၆ ဦး ရှိနေပါတယ်။
မီးလောင်သွားတဲ့ သင်္ဘောကြီးမှာ အလေးချိန် ၂,၉၉၆ တန်လေးပြီး ပျက်စီးတာတွေပြုပြင်ဖို့ သင်္ဘောကျင်းမှာ ဇန်နဝါရီ ၁၂ ရက်က လာရောက်ဆိုက်ကပ်ထားကြောင်း၊ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ခန့်မှန်းချက်အရ သင်္ဘောကြီးရဲ့ ဦးပိုင်းမှာ သံတွေ ဂဟေဆော်နေစဉ် မီးပွားတွေ ဆီစက်တွေပေါ်ကျသွားပြီး မီးထတောက်တာလို့ ဆိပ်ကမ်းတာဝန်ရှိသူက ပြောပါတယ်။
သင်္ဘောကြီးဟာ ဆီတင်သင်္ဘောဆိုပေမဲ့ ပြုပြင်ဆဲမို့ ဖြန့်ဖြူးရောင်းချဖို့ ဆီတွေ မတင်ရသေးကြောင်း၊ ဒါပေမဲ့ သင်္ဘောခုတ်မောင်းတဲ့နေရာက အကြွင်းအကျန် စက်သုံးဆီ ၂၅,၀၀၀ လီတာနဲ့ ဒီဇယ်ဆီ ၂၀,၀၀၀ လောက် ကျန်သေးကြောင်း၊ မီးလောင်ပေါက်ကွဲမှုတွေဟာ အဆိုပါ ဆီအကြွင်းအကျန်တွေကြောင့်လို့ ဆိုပါတယ်။
မီးစလောင်ချိန် သင်္ဘောပေါ်မှာ လှေလုပ်သား ၁၀ ဦးနဲ့ ကမ်းပေါင်ပေါ်မှာ လူအယောက် ၃၀ ရှိနေကြောင်း၊ သင်္ဘောမီးလောင်ပေါက်ကွဲမှုကြောင့် အနီးက လဲမ်ယိုင်ရပ်ကွက်ရှိ နေအိမ် အလုံးပေါင်း ၆၀ ကျော်နဲ့ ဘန့်ကျကလိန်ရပ်ကွက်ရှိ နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပေါက်ကွဲမှုရဲ့ အပိုင်းအစတွေဟာ အိမ်ခေါင်မိုး၊ နံရံနဲ့ ပြတင်းပေါက်မှန်တွေ လာထိပြီး ပျက်စီးသွားတာလို့ စမွတ်ဆုန်ခမ်းခရိုင်ဝန်က မနေ့ညနေ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
လဲမ်ယိုင်ရပ်ကွက်နေ ပြည်သူတဦးက သူတို့နေအိမ်ဟာ သင်္ဘောကျင်းနဲ့ မီတာ ၇၀၀ အကွာမှာရှိကြောင်း၊ သူဟာ အိမ်အောက်ထပ်မှာ ထိုင်နေစဉ် ပေါက်ကွဲသံကြားရပြီး အိမ်လည်း တုန်ခါသွားကာ ပြတင်းပေါက်မှန်တွေ ကွဲကုန်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ပင်လယ်စာရောင်းတဲ့ အိမ်တအိမ်ကတော့ သူတို့အိမ်နံရံတွေ ပေါက်ကွဲပျက်စီးသွားကြောင်း၊ ပေါက်ကွဲသံ အလွန်ကျယ်လောင်တာကြောင့် ဘတ် ၅၀,၀၀၀ နဲ့ ဝယ်ထားတဲ့ ၁ နှစ်သားအရွယ် အမေရိကန်မျိုးစိတ် ခွေး ၁ ကောင် လန့်သေဆုံးသွားကြောင်း၊ ဒါ့အပြင် မွေးထားတဲ့ ရေဘဝဲတွေ အကုန်သေကုန်ပြီး ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂ သိန်းကျော်တယ်လို့ ပြောပါတယ်။
သင်္ဘောမီးလောင်မှုကြောင့် ပျောက်ဆုံးသူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိပါက စမွတ်ဆုန်ခမ်းမြို့ လဲမ်ယိုင်ရပ်ကွက် ဝပ်ပါက်စမွတ်ထွဏ်း ဘုန်းကြီးကျောင်းဝင်းထဲ ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ လာရောက်သတင်းပို့နိုင်တယ်လို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။
ကိုးကား - bangkokbiznews