close

မီးသတ်ဌာန

close

March 17, 2023

ပုသိမ်မြို့တွင် ‌မီးလောင်ပြီး နေအိမ် ၂ လုံး ဆုံးရှုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ၆ ရပ်ကွက်၊ နှစ်ထောင်တန် ၂ လမ်းထိပ်မှာ မတ်လ ၁၆ ရက် ည ၈ နာရီခွဲလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် နှစ်ထပ်အိမ်တလုံး၊ တထပ်အိမ်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။

မီးလောင်ကျွမ်းမှု စတင်ခဲ့တဲ့ အိမ်တွေဟာ တခြံတည်းမှာဖြစ်ပြီး မီးသတ်ဌာနကို မီးလောင်မှု များပြားလာမှ အကြောင်းကြားတာကြောင့် ၂ အိမ်စလုံး မီးလောင်ပြာကျခဲ့တာပါ။

လောင်ကျွမ်းမှုကြောင့် ၄၅ × ၃၀ ပေ အကျယ်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အဦတလုံးနဲ့ ဘေးချင်းကပ်ရှိ ၁၈ × ၃၀ ပေ အကျယ်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တထပ်အဆောက်အဦတလုံးတို့ မီးလောင်ဆုံးရှုံးပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

“ညက နှစ်ထောင်တန် ၂ လမ်းထိပ်လေးမှာပေါ့။ ည ၈ ခွဲလောက် ပျဉ်ထောင်နှစ်ထပ်တလုံး မီးလောင်တယ်လို့ သတင်းရပါတယ်။ မြို့နယ်က မီးသတ်ယာဉ်အုပ်စုနဲ့အတူ အသင်းက ရေသယ်ယာဉ်တွေနဲ့ ထွက်ခွာ မီးငြှိမ်းခဲ့ပါတယ်။ တခြံထဲက နှစ်အိမ်စလုံးလောင်တာ၊ အိမ်က ကပ်ရက်ကလေးတွေ ဖြစ်နေတာ။ ထိခိုက်သူတော့ မရှိပါဘူး” လို့ ပုသိမ်အခြေစိုက် လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။

မီးဘယ်ကစတင်လောင်ကျွမ်းသလဲနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပုသိမ်မီးသတ်ဌာနက တွက်ချက်နေတယ်လို့ သိရပြီး ပုသိမ်နယ်မြေရှိ မီးသတ်ရေယာဉ် ၁၈ စီး၊ ရေသယ်ယာဉ် ၈ စီးနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၇၅ ဦး၊ အရန်တပ်ဖွဲ့ဝင် အယောက် ၄၀ တို့နဲ့ မီးငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင်သွားပြီး ည ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

2 months Ago

March 7, 2023

မှော်ဘီတွင် ရေကန်ထဲဆင်းကူးပြီး နစ်မြုပ်ခဲ့သည့် အမျိုးသမီး ၂ ဦး အလောင်းတွေ့ရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာက အကျယ် ပေ ၅၀၀၊ အနက် ပေ ၁၀၀ ရှိ ရေပြည့်နေတဲ့ကန်ထဲ ရေဆင်းကူးပြီး ရေနစ်သေဆုံးသွားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီး ၂ ဦးကို ဆယ်ယူရရှိပြီလို့ ပုလဲမြို့နယ် အရန်မီးသတ်ဌာနကနေ သိရပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ မတ် ၆ ရက် ညနေ ၄ နာရီကတည်းက ရေထဲနစ်မြုပ်သွားတာဖြစ်ပြီး မတ် ၇ ရက် မနက် ၉ နာရီ ၃၅ မိနစ်နဲ့ ၁၀ နာရီ ၁၅ မိနစ်တို့မှာ ရှာဖွေဆယ်ယူနိုင်ခဲ့တာပါ။

ပုလဲမြို့နယ် အရန်မီးသတ်ဌာန တာဝန်ရှိသူက “သူတို့က မနေ့က ၄ နာရီလောက်ကတည်းက ရေနစ်ပျောက်ဆုံးတာပေါ့။ သူတို့ မှော်ဘီမီးသတ်ဌာနကို အကူအညီတောင်းတာ၊ လာရှာပေးချိန်မှာ အလောင်း ၂ လောင်းကို မတွေ့ဘူးပေါ့။ ‌ဒီနေ့မနက်မှာ အကူအညီ တောင်းလာတော့ ရှာဖွေကယ်ဆယ်ရေးကို မနက် ၈ ခွဲလောက်မှာ စလုပ်တယ်၊ ကန်က မြေကြီးတွေတူးထားပြီး ရေဝင်နေတဲ့ ကန်အသေပါ။ ဆင်းဆင်းချင်းကို ပေ ၃၀ လောက် နက်တယ်။ ကန်အလယ်မှာ ပေ ၁၀၀ ကျော်ပါတယ်။ ၉ နာရီ ၃၅ မှာ ပထမဆုံး အလောင်းစတွေ့တယ်။ ၁၀ နာရီ ၁၅ မှာ နောက်ထပ်တလောင်းကို ထပ်တွေ့တယ်။ သေဆုံးသူ အမျိုးသမီး ၂ လောင်းကို ပြင်ပဒဏ်ရာမရှိနဲ့ တွေ့ရှိပါတယ်။ သေဆုံးသူတွေကို မှော်ဘီဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသူ အမျိုးသမီး ၂ ဦးစလုံးဟာ ရွှေပြည်သာမြို့နယ်က အလှပြင်ဆိုင်တခုမှာ ဝန်ထမ်းလုပ်ကိုင်နေသူတွေဖြစ်ကြပြီး တဦးက မြိတ်ဇာတိလို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိထားပြီး ရုပ်အလောင်းတွေကို မှော်ဘီဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

2 months Ago
Up