close

မုန်တိုင်းဘေးရှောင်

close

May 11, 2023

မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကို မုန်တိုင်းဘေးလွတ်ရာသို့ ရက္ခိုင့်တပ်တော် ရွှေ့ပြောင်းပေး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာ မုန်တိုင်ဘေးက လွတ်ကင်းဖို့ အတွက် ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ အစီအစဉ်နဲ့ ဘေးလွတ်ရာဒေသတွေကို ရွှေ့ပြောင်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူတွေကို အချိန်နဲ့တပြေးညီ လာရောက်ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်ပေးတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိတယ်လို့ ငမန်းရဲကျွန်း ဒေသခံတဦးက ပြောပါတယ်။

“ဂုဏ်လည်းယူတယ်၊ ဝမ်းလည်းသာတယ်။ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် ULA ရှိလာလို့ အခုလိုမျိုး ပြည်သူတွေအတွက် အန္တရာယ်မကျရောက်မီ အချိန်နဲ့တပြေးညီ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ ကျေးရွာတာဝန်ခံတွေကတဆင့်ဖြစ်စေ ကူညီပေးလာတာတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုအချိန်ထိ ဘာတခုမှ လာပြောတာ မရှိသေးဘူး။ ဘာအကူအညီမှ ပေးတာလည်း မရှိဘူး။ အရင်တုန်းကလည်း မရှိခဲ့ဘူး။ အခုလို အချိန်နဲ့တပြေးညီ ကူညီပေးတဲ့ ရက္ခိုင့်တပ်တော်ကို အထူးကျေးဇူးတင်ပါတယ်။”

မြေပုံမြို့နယ် ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာတည်ရှိပြီး မုန်တိုင်းဒဏ်ကို အမြဲခံနေရလေ့ရှိတဲ့ ဒေသခဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ, ရခိုင်ကမ်းရိုးတန်းကို ဦးတည်‌နေပြီး ဒီရေတွေပါ မြင့်တက်လာနိုင်တာကြောင့် ငမန်းရဲကျွန်းရှိ ငခူချောင်း၊ အလယ်ကျွန်း၊ သစ်ပုတ်၊ ဝကောက်ကြီး၊ ညောင်တော၊ မညှင်းပြင်၊ အတွင်းငခူချောင်း၊ မြောက်ကြိမ်၊ အပြင်ငခူချောင်း စတဲ့ ကျေးရွာ ၁၃ ရွာက လူပေါင်း ၅,၀၀၀ လောက်ကို ရက္ခိုင့်တပ်တော် (အေအေ) က ဦးစီးပြီး မင်းပြားမြို့နယ် ရန်တိုင်ကျေးရွာ အပါအဝင် ရေဘေးလွတ်ကင်းရာ ကုန်း​မြင့်ဒေသရှိ ကျေးရွာတွေကို ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

အခုဝင်လာမယ့် မုန်တိုင်းကြောင့် ဘေးလွတ်ရာကို အသက်မသေအောင် တိမ်းရှောင်ခဲ့ရပြီး ကျေးရွာတွေမှာ ကျန်နေခဲ့တဲ့ ကျွဲ၊ နွားတွေကိုလည်း ကုန်းမြင့်နေရာတွေမှာ ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း ငမန်းရဲကျွန်းမှ ရွာလူကြီးတဦးက ပြောပါတယ်။

“အရင်တုန်းကလည်း ကျနော်တို့ ငမန်းရဲတကျွန်းလုံးက မုန်တိုင်းဒဏ်တွေကို အမျိုးမျိုး ခံစားခဲ့ဖူးကြပြီ။ အခုလည်း မုန်တိုင်းသတင်းတွေကို ကြားကြားချင်း ဘေးလွတ်ရာကို ပြေးချင်တာပေါ့။ ဒါပေမဲ့ စီးပွားရေးကတဖက်၊ ကျွဲ နွား တိရစ္ဆာန်တွေက တဖက်ဆိုတော့ မုန်တိုင်းကလည်း နီးလာနေတယ်။ ဘာပဲဖြစ်ဖြစ် လူ့အသက်တခု ရှင်ရင်ပြီးရောဆိုပြီး ထွက်လာခဲ့ကြတယ်။ ကျန်ခဲ့တဲ့ တိရစ္ဆာန်တွေကိုတော့ ဘေးမဲ့လွှတ်ပေးခဲ့ကြတယ်။”

လက်ရှိ မုန်တိုင်းဘေးရှောင် ငမန်းရဲကျွန်းက ပြည်သူတွေကို မင်းပြားမြို့နယ်ရှိ ကျေးရွာတွေက စားဝတ်နေရေး အဆင်ပြေအောင် ကူညီထောက်ပံ့ပေးကြသလို ရက္ခိုင့်တပ်တော် (အေအေ) ကလည်း စားဝတ်နေရေး၊ ဆေးဝါးကအစ ကူညီပေးသွားမယ်လို့ လာရောက်ပြောဆိုထားကြောင်း ငမန်းရဲကျွန်း ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာ တည်ရှိပြီး ၁၉၆၇ ခုနှစ် မေ ၁၀ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ကျေးရွာ ၈ ရွာလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး လူပေါင်း ၃,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း မုန်တိုင်းသတင်းမှတ်တမ်းတွေအရ သိရပါတယ်။

13 mins Ago

လပွတ္တာမြို့မှ ပြည်သူ ၁,၀၀၀ ကျော် မြောင်းမြမြို့ပေါ်သို့ မုန်တိုင်းဘေးရှောင်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ပေါ်ကို ပြည်သူ ၁,၀၀၀ ကျော် မုန်တိုင်းဘေးကနေ လာရောက်တိမ်းရှောင်နေကြပါတယ်။

လပွတ္တာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ မြောင်းမြမြို့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းရှောင် ခိုလှုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “လပွတ္တာမြို့နယ်ထဲက ရွာတွေက မြောင်းမြမြို့ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ မုန်တိုင်းရှောင်ဖို့ နေကြတယ်။ မုန်တိုင်းရှောင်အဖွဲ့တွေက ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက ရောက်နေကြတာ။ တရက်ထက်တရက် ပိုပိုတိုးလာတယ်” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာပါဝင်တဲ့ အောင်လှိုင်၊ ဘီတွတ်၊ သစ်ပုတ်၊ ပြင်စလူ‌၊ ‌လေယာဉ်ကွင်း၊ စစ်ကွဲ စတဲ့ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ ဘာသာရေး အဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းလာရောက် ရှောင်တိမ်းနေကြတာပါ။

မုန်တိုင်းရှောင်ပြည်သူတွေကို ကူညီပေးနေသူ ဒေသခံတဦးက “လပွတ္တာမြို့နယ် ကျေးရွာတွေက မုန်တိုင်းရှောင်တွေ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ၊ တန်ဆောင်းတွေမှာ နေကြတယ်။ အခုလက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်းတွေကလည်း မုန်တိုင်းရှောင်ပြည်သူတွေကို ထမင်းကျွေးတာရှိတယ်။ တချို့ကျောင်းတွေမှာကြတော့လည်း မုန်တိုင်းရှောင်ပြည်သူတွေ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်တာရှိတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ထမင်းဟင်း ဝိုင်းဝန်းပံ့ပိုးပေးတာရှိတယ်” လို့ ပြောပါတယ်။

မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုတွေလုပ်တာ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ ဦးဆောင်ပြီး လောကီအစီအရင်တွေလုပ်တာ၊ ပင်လယ်ပြင်မှာ နဂါးစာကျွေးတာတွေ ပြုလုပ်နေတာကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ်နဲ့ လပွတ္တာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းကြောင့် ပြည်သူ တသိန်းကျော် သေဆုံးခဲ့ပါတယ်။

5 hours Ago

March 22, 2022

လပွတ္တာမြို့နယ်က ရေလုပ်သားမိသားစုများ သစ်ပင်ပေါ်တက် မုန်တိုင်းဘေးရှောင်

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ကျေးရွာတွေမှာ  မတ်လ ၂၂ ရက် ဒီနေ့ မွန်းလွဲပိုင်းက စတင်ကာ ဒီရေတက်တာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။ 

ဒီရေတွေတက်လာချိန်မှာ မုန်တိုင်းရှောင်ဖို့ ပြုလုပ်ထားတဲ့ Cyclone Shelter မသွားနိုင်တော့တဲ့ ရေလုပ်သားမိသားစုတချို့ကတော့  နီးစပ်ရာသစ်ပင်တွေပေါ် လင့်စင်တွေထိုးပြီး နေခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က မုန်တိုင်းရှောင်ဖို့မသွားတော့တာ ဝေးတာလည်း ပါတယ်။ ရေတက်လာတော့ သစ်ပင်တွေမှာ လင့်စင်ထိုးနေတာ သိရသလောက်က ရေလုပ်သားတွေဆိုတော့ ပြန်ရောက်တာ နောက်ကျလို့ မရှောင်တော့တာလို့လည်း သိရတယ်။ အားလုံး မိသားစု ၅ စုလောက်တော့ရှိမယ်။ မိသားစုလိုက် သစ်ပင်ပေါ် တက်နေကြတာ”လို့ လပွတ္တာမြို့ခံတဦးက ပြောပါတယ်။

ပင်လယ်နဲ့နီးတဲ့ဒေသဖြစ်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဖြတ်ချိန်မှာ ရွာထဲ ရေတက်လာပြီ အိမ်နစ်မြုပ်ခါနီးလောက်မှာ သစ်ပင်ပေါ် ရွှေ့ပြောင်းခဲ့ကြတာလို့ ဆိုပါတယ်။ 

လပွတ္တာမြို့ပေါ်က မုန်တိုင်းရှောင်စခန်းတွေမှာ မတ်လ ၂၁ ရက်နေ့က စတင်ကာ မတ်လ ၂၂ ရက်နေ့ထိ မုန်တိုင်းလာရှောင်တဲ့ပြည်သူ ၂၀၀၀ လောက်ထိရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဧရာဝတီတိုင်းကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်သွားချိန်မှာ သစ်ပင်လဲတာတွေ၊ အိမ်ပြိုတာတွေ၊ စေတီထီးတော် မြေခတာတွေ ရှိခဲ့ပေမဲ့ လူသေဆုံးတာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

1 year Ago
Up