ရန်ကုန်တိုင်း၊ မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းအချိန်တွေမှာ ဒေသခံ လူမိုက်တွေထံမှာ သောက်စားမူးယစ်ပြီး သေနတ်တွေနဲ့ မိုးပေါ်ထောင်ပစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သာကေတ၊ သန်လျင်၊ ကြည့်မြင်တိုင်တဖက်ကမ်း အစရှိတဲ့ မြို့စွန်ကျတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ခံလူမိုက်တွေထံမှာ မူးယစ်သောက်စားပြီး သေနတ်ပစ်ဖောက်တာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက “တခါပစ်ရင် လေး ငါးချက်လောက် ဆက်တိုက်ပစ်တယ်။ ကိုယ်တွေကတော့ PDF တွေ လာပစ်တာလို့ပဲ ထင်တာ။ သွားလည်းမကြည့်ရဲဘူး။ ညဘက်ဆိုရင် သူတို့ဝင်လာမှာပဲ စိုးရိမ်နေရတာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ ညပိုင်းအချိန်တွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခံလူမိုက်တွေဟာ ပြည်သူတွေကို အမြဲရန်မူနေပြီး မထင်ရင် မထင်သလို ရိုက်နှက်ဖမ်းဆီးကာ ငွေညှစ်တာတွေလည်း ပြုလုပ်နေတာကြောင့် ရန်ကုန်မှာ ည ၉ နာရီနောက်ပိုင်းဆိုရင် လူသွားလူလာ မရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ ပနံသင့်ပြီး လာဘ်ပေးဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့က ဘားတွေနဲ့ ကလပ်တွေကတော့ ညမထွက်ရအချိန်ထက် ကျော်လွန်ဖွင့်လှစ်နေပြီး အဲ့ဒီကလပ်တွေနဲ့ ဘားတွေကိုတော့ စစ်ကောင်စီတပ်တွေက လုံခြုံရေးပေးနေရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဥပဒေမဲ့လုပ်ရပ်တွေမှာ စစ်တပ်နဲ့အတူ ပါဝင်ကျူးလွန်နေတဲ့ ရဲတပ်ဖွဲ့ထဲကို လူငယ်လူရွယ်တွေ ဝင်ရောက်မှုနည်းလာတာကြောင့် မူးယစ်ရမ်းကားနဲ့ မှောင်ရိပ်ခိုမှုကြောင့် ဖမ်းမိလာသူတွေကို ရဲတပ်သားသစ် အဖြစ်စုဆောင်းနေရတယ်လို့ ရဲအသိုက်အဝန်းကနေ သိရပါတယ်။
ရဲတပ်ဖွဲ့ထဲဝင်ရောက်သူနည်းလာတာကြောင့် သတ်မှတ်ပညာအရည်ချင်းထက်လျှော့ပြီး ၆ တန်းအောင်တွေကို ခေါ်ပေမယ့် ဝင်မယ့်သူမရှိတာကြောင့် ရတဲ့နည်းလမ်းအသုံးပြုကာ ရဲတပ်သားသစ်စုဆောင်းနေရတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ရဲထဲကို ဝင်မယ့်သူက မရှိသလောက် ရှားနေတာ အရင်ကတော့ ရတယ် ခုက ပညာအရည်ချင်းလျော့လည်း မရတော့ အဲ့လိုမျိုး ညပိုင်းမိလာတဲ့သူတွေကို ခြိမ်းခြောက်ပြီး လှည့်ခေါ်နေရတာ”လို့ ပြောပါတယ်။
မူးယစ်ရမ်းကား၊ မှောင်ရိပ်ခိုမှုတွေကြောင့် ဖမ်းမိလာတဲ့ လူငယ်တွေကို PDF တွေလိုစွပ်စွဲကာ အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ပြီး ရဲထဲဝင်မလားဆိုပြီး ရဲတပ်သားသစ် ခေါ်ယူနေတာလို့ ဆိုပါတယ်။
ရဲဥပဒေနဲ့ အရေးယူခံရရင် ထောင်ဒဏ် ၁ လကနေ ၃ လအထိသာကြာခံရမှာဖြစ်ပေမဲ့ ဖမ်းမိလာတဲ့ လူငယ်တွေကို ထောင်ဒဏ် ၁၀ နှစ်ကျအောင်လုပ်ပစ်မယ် ရဲဘက်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက် စုဆောင်း နေတာလို့ သိရပါတယ်။
ရဲတပ်သားသစ်စုဆောင်းတဲ့ သတ်မှတ်ထားတဲ့လူဦးရေမပြည့်မီရင် သက်ဆိုင်ရာ နယ်ထိန်း၊ စခန်းမှူး၊ မြို့နယ်မှူးထိ အဆင့်ဆင့် အရေးယူခံရတာတွေရှိနေတာကြောင့် ခုလိုမျိုး ရတဲ့နည်းလမ်းနဲ့ တပ်သားသစ်စုဆောင်းတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။