close

မောတောင်

close

April 27, 2023

တနင်္သာရီဒေသတိုက်ပွဲများကြောင့် မောတောင်မြို့တွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ မြိတ်-မောတောင်ကားလမ်း‌တလျှောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် မောတောင်မြို့ပေါ်မှာ ဓာတ်ဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကစပြီး မြိတ်-မောတောင် ကားလမ်းမတလျှောက် တိုက်ပွဲတွေ ၂ ပတ်ကျော် ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အဲဒီကားလမ်းမကြီး တလျှောက် ဖြတ်သန်းသွားလာမှုကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ကားလမ်းတလျှောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ပြီးနောက် မောတောင်မြို့ပေါ်မှာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဓိကတော့ ကားလမ်းမတွေ ပိတ်ထားတာကြောင့်ပါ။ ဆိုင်ကယ်နဲ့သွားလို့ရပေမဲ့ ကားတွေတော့ မပေးသွားဘူးပြောတယ်။ မောတောင်မြို့ပေါ်မှာပဲ လူတွေက တခြားသွားလာမရဘဲ ပိတ်မိနေတာပါ။ သင်္ကြန်လောက်ကတည်းက ဓာတ်ဆီဈေး မြင့်တက်လာတာ။”

ဓာတ်ဆီဈေးနှုန်းမှာ တိုက်ပွဲမဖြစ်ပွားခင်က ဓာတ်ဆီ ၁ လီတာကို ၃၅ ဘတ်ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ဓာတ်ဆီ ၁ လီတာကို ဘတ်‌ ၈၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပြီး ဒီရက်ပိုင်းတွေမှာ ဓာတ်ဆီဈေးနှုန်း ထပ်မြင့်တက်လာနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြိတ်-မောတောင်ကားလမ်းမ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတဲ့အတွက် စားသောက်ကုန်ဈေးနှုန်းတွေ မတည်ငြိမ်ဘဲ တက်လိုက်ကျလိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာကနေ ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က သဲဖြူ‌ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၆ ရက် မနက်ပိုင်းက သိန်ခွန်းရွာဘက်ကို ပြန်လည်ဆုတ်ခွာလာခဲ့ပြီးနောက် ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “မနေ့က သဲဖြူဘက်မှာ တပ်ပြန်ဆုတ်တာ မိုင်းဆွဲခံရလို့ စကစတွေ တအားသေကြတယ်တဲ့။ ကားလမ်းပိုင်းကတော့ တရားဝင် ပြန်မဖွင့်သေးဘူး။ ဒါတောင် လူတွေ အတက်အဆင်း လုပ်နေကြသေးတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီစစ်ကြောင်းက ဆက်လက်ဆုတ်ခွာလာရာ သိန်ခွန်းရွာနဲ့ ချောင်းနှစ်ပေါက်ရွာအနီးမှာ မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့ကနေ ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အထိအခိုက်သေဆုံး များပြားခဲ့တယ်လို့ သိရပေမဲ့ သီးခြားအတည်ပြုမနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ရာနေရာမှာ တော်လှန်ရေးအင်အားစုတွေက သွားလာခွင့် ယာယီတားမြစ်ထားတဲ့ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းကိုလည်း အရင်တားမြစ်ထားတဲ့အတိုင်း ခရီးသွားပြည်သူတွေ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အသုံးပြုခွင့် မပြုသေးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ထပ်မံအသိပေး ထုတ်ပြန်ထားပါတယ်။

4 days Ago

March 21, 2020

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မတ် ၂၁ ရက်မှ စပိတ်

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်က ယာယီနယ်စပ်ဂိတ်တွေနဲ့ ပရကျွပ်ခီရီခန်ခရိုင်အတွင်းက နယ်စပ်ဂိတ်တွေအားလုံးကို မတ်လ ၂၁ ရက်ကနေ ဧပြီလ ၃ ရက်အထိ ပိတ်ထားလိုက်ပြီလို့ ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင်ဝန်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။  ဖုနမ်းရွန်း-ထီးခီးဂိတ်၊ ဘုရားသုံးဆူ ယာယီဂိတ်နဲ့ စင်ခွန်းအထူးယာယီဂိတ်တွေကို သတ်မှတ်ထားတဲ့ကာလအတွင်း လူ၊ ယာဉ်နဲ့ ပစ္စည်း အဝင်အထွက် သွားလာမှုတွေအားလုံးကို ပိတ်လိုက်တာပါ။ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်တာကို ပိုမိုတွေ့ရှိရတာကြောင့် ကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီက ကူးစက်ရောဂါ ဖြစ်ပွားနိုင်တဲ့ လုပ်ငန်းဌာနတွေအားလုံးကို မတ်လ ၁၉ ရက် ရက်စွဲနဲ့ ပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။  အခုက နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က ပိတ်တာဖြစ်တဲ့အတွက် ဒီဘက်မှာလည်း ပိတ်ရမှာ ဖြစ်ပေမယ့်  အထက်ညွှန်ကြားချက် မလာသေးဘူးလို့ မောတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ထိုင်းနိုင်ငံဘက်က နယ်စပ်ဂိတ် ပိတ်တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘက်က နယ်စပ်ဂိတ် တာဝန်ရှိသူတွေကို လာရောက်ညှိနှိုင်းဆောင်ရွက်တာမျိုးမရှိဘဲ လာရောက်အကြောင်းကြားတာမျိုးပဲ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
3 years Ago
Up