မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာရှိ ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းဆွဲခံရပြီးနောက် ဇန်နဝါရီ ၂၇ ရက်ကစပြီး မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ပြေးဆွဲမှု ယာယီရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
မုပ္ပလင်ဘူတာနဲ့ ကျိုက်က္ကသာဘူတာကြားမှာရှိတဲ့ ခလွန်ချောင်းကူး ရထားလမ်း သံတံတားဟာ မနေ့ ဇန်နဝါရီ ၂၆ ရက် မနက် ၄ နာရီလောက်က မိုင်းဆွဲခံရပြီး ရထားလမ်းသံတံတား သံဘောင်တွေ အက်ကွဲတာ၊ ရထားသံလမ်း ကွေးကောက်တာတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်ကြောင့် ရထားလမ်းသံတံတား ကြံ့ခိုင်မှု မရှိသေးတဲ့အတွက် ဒီနေ့ ဇန်နဝါရီ ၂၇ ရက် ပြေးဆွဲမယ့် မော်လမြိုင်-ရန်ကုန်နဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ မော်လမြိုင်ဘူတာက ထုတ်ပြန်ပါတယ်။
“ဒီနေ့ကစပြီး မော်လမြိုင်-ရန်ကုန် ရထားပြေးဆွဲမှု ယာယီရပ်နားလိုက်ပါပြီ။ ရထားခရီးစဉ် ပြေးဆွဲမယ့်ရက်ကို ပြန်ကြေညာပေးပါမယ်။ အနည်းဆုံးတော့ ၃ ရက်လောက် ကြာမယ်လို့ ခန့်မှန်းတယ်” လို့ မော်လမြိုင်ဘူတာ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါကြောင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေကို ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၆ နာရီကစပြီး ငွေပြန်အမ်းပေးမယ်လို့ ဆိုပါတယ်။
ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းဆွဲခံရပြီးနောက် မနေ့ ဇန်နဝါရီ ၂၆ ရက် ရန်ကုန်-မော်လမြိုင် လေအိတ်ရထားခရီးသည်တွေကိုလည်း ရထားချိန် ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရပြီး အဲဒီဖြစ်စဉ်တွေကြောင့် ရထားပြေးဆွဲမှု မကြာခဏ ယာယီရပ်နားနေရတာ ဖြစ်ပါတယ်။
မော်လမြိုင်-ရန်ကုန် ပြည်တွင်းလေကြောင်းခရီးစဥ်ကို လာမယ့် ဒီဇင်ဘာ ၅ ရက်ကစပြီး တပတ်ကို နှစ်ကြိမ်နှုန်း ပြေးဆွဲပေးမှာဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
အခု ရန်ကုန်-မော်လမြိုင်လမ်း ပဲခူးမြို့အဝင် ညောင်ခါးရှည်ဂိတ်မှာ ခရီးသွား မိဘပြည်သူတွေ နေ့စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး အရေးကြီး ကျန်းမာရေးကိစ္စတွေမှာ လူနာသေဆုံးမှုတွေ ရှိခဲ့တာကြောင့် ကားလမ်းခရီးသွားလာမှုမှာ အဆင်မပြေတဲ့အတွက် အခုလို ရန်ကုန်-မော်လမြိုင် ပြည်တွင်းလေကြောင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲရတာ ဖြစ်ပါတယ်။
“ရန်ကုန်-မော်လမြိုင်ကားလမ်းက ညောင်ခါးရှည်ဂိတ်မှာ စစ်ကောင်စီက X- Ray စက်နဲ့ စစ်ဆေးတာမှာ ခရီးသွားကြန့်ကြာပြီး ကုန်စည်စီးဆင်းမှု များစွာထိခိုက်ကြပါတယ်။ ခရီးလည်းမတွင်ကျယ်ဘူး။ ခရီးသွားတွေလည်း အချိန်ကုန် လူပင်ပန်း အရေးပေါ်ကားတွေလည်း သွားမရလာမရ ဖြစ်တော့ ဒီအတိုင်းဆို ရေရှည်မှာ မဖြစ်ဘူး” လို့ ခရီးသွားတွေက ပြောပါတယ်။
စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်မှာ X-Ray စက်တပ်ဆင်ပြီး ယာဉ်လိုင်းအားလုံးကို အချိန်ကြာမြင့်စွာ တန်းစီ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
X-Ray စက်မှာ နေ့စဉ် ကားအစီးရေ ရာနဲ့ချီ ပိတ်ဆို့နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အခါ ညအချိန်ရောက်တော့ ခရီးသည်တွေအနေနဲ့ နီးစပ်ရာနေရာတွေနဲ့ လမ်းတွေပေါ်မှာ ညအိပ်ရပ်နားရပါတယ်။
အဆိုပါကားလမ်းဟာ မွန်၊ ကရင်နဲ့ တနင်္သာရီ ဒေသတွင်းက ခရီးသည်တွေနဲ့ ကုန်စည် ပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ ကားလမ်းလည်းဖြစ်ပါတယ်။
ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို ကားလမ်းအစား မီးရထားနဲ့ အားကိုး သွားလာနေကြရတဲ့ သူတွေလည်း ရှိလာနေသလို အခုအခါ ခရီးသွားမိဘပြည်သူတွေ သွားလာရအဆင်ပြေစေဖို့ လေကြောင်းခရီးစဉ်အသစ်ကို တပတ် နှစ်ကြိမ် ပြေးဆွဲပေးမှာဖြစ်ကြောင်း လေကြောင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
လေကြောင်းခရီးစဉ်လက်မှတ်တွေကို လေကြောင်းပို့ဆောင်ရေးရုံးမှာ စုံစမ်းမေးမြန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ ဒီဇင်ဘာ ၅ ရက်ကစပြီး မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ကော့သောင်း ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့တွေမှာ တပတ်နှစ်ရက် ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး လေယာဉ်လက်မှတ်တွေကို ကြိုတင်ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။