close

မြန်မာ့တော်ဝင်နဂါးတပ်တော်

close

August 17, 2022

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကို မြန်မာ့တော်ဝင်နဂါးတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတခုကို ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၆ ရက် ညနေ ၆ နာရီခွဲလောက်မှာ ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းဖြစ်တဲ့ M.R.D.A တပ်ရင်း ၄ က ဒုံး ၃၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ နဂါးစစ်သည်တော်တွေ အားလုံးထိခိုက်ဒဏ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း ၄ ရင်းရှိပြီး ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၊ အ မှတ် ၄၊ အမှတ် ၅၊ အမှတ် ၆ တို့ဖြစ်ကာ တပ်ရင်းအားလုံးဟာ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အ​နေနဲ့ ပုလဲမြို့နယ်ကို အခြေပြုထားပြီး ထိစပ်နေတဲ့ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ စစ်ရေးလှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး ပထဝီအနေထားအရလည်း အရေးပါတဲ့ စစ်ဒေသတစ်ခုဖြစ်လို့ တော်လှန်ရေးအားစိုက်တဲ့ မိဘပြည်သူတွေအနေနဲ့ ဆက်လက်အားထည့် ပေးကြဖို့နဲ့ တနှစ်ကျော် စိုက်ထုတ်ခဲ့တဲ့ ကြိုးစားမှုတွေ အချည်းနှီး မဖြစ်စေဖို့ ဆက်လက်အားထည့်ပေးဖို့ မြန်မာ့တော်ဝင်နဂါးတပ်က တိုက်တွန်းထားပါတယ်။

36 mins Ago

June 24, 2022

တလတာတိုက်ပွဲ ၄ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ထုတ်ပြန်

တလတာတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၇၀ လောက် သေဆုံးခဲ့တယ်လို့ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က ထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ အခုဇွန်လထဲမှာ စစ်ကောင်စီနဲ့ အကြီးအသေး ထိတွေ့မှုပေါင်း ၄ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပြီး တော်လှန်ရေးအရှိန်အဟုန်မြှင့် ကြိုးစားနေကြောင်းလည်း ဖော်ပြထားတာပါ။

ဒါ့အပြင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အ​နေနဲ့ ပုလဲမြို့နယ်ကို အခြေပြုထားပြီး ထိစပ်နေတဲ့ ကနီမြို့နယ်၊ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ စစ်ရေးလှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး ပထဝီအနေထားအရလည်း အရေးပါတဲ့ စစ်ဒေသတစ်ခုဖြစ်တာကြောင့် တော်လှန်ရေးအားစိုက်တဲ့ မိဘပြည်သူတွေအနေနဲ့ ဆက်လက်အားထည့်ပေးကြဖို့နဲ့ တနှစ်ကျော်စိုက်ထုတ်ခဲ့တဲ့ ကြိုးစားမှုတွေ  အချည်းနှီး မဖြစ်စေဖို့ ဆက် လက်အားထည့်ပေးဖို့ လိုအပ်ကြောင်းလည်း မေတ္တာရပ်ခံထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

2 months Ago
Up