မကွေးတိုင်း မြိုင်မြို့နယ် ပေါက်ပြင်ရွာနားမှာ မတ် ၄ ရက် မနက်ပိုင်းက ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့င် ပ.က.ဖက ပြောပါတယ်။
စစ်တပ် ရိက္ခာယာဥ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
မြို့ပြင်စျေးအဖြစ်နေရာသတ်မှတ်ထားတဲ့ သံပုရာကန်ရွာနားမှာလည်း မနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်လောက်က စစ်ကောင်စီတပ်ကို တိုက်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် မြို့ပြင်စျေးဝင်းအတွင်းမှာ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်လောက်က ပေပါမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်လက်ယာကပြောပါတယ်။
မြိုင်မြို့ကနေ ကန်နီရွာကို ရိက္ခာပို့တဲ့ စစ်ကောင်စီယာဥ်တန်း ၆ စီးကိုလည်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူရှိနိုင်ပြီး ပြည်သူ့ကကွယ်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ မတ် ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့လို့ ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ရေစကြိုမြို့နယ် ပ.က.ဖ က ပြောပါတယ်။
ဇီးကုန်း နဲ့ ကုန်းတလင်းရွာကြား ကားလမ်းဘေးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို မတ် ၃ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရ သွားပြီး ခဏအကြာမှာ ကား ၂ စီး နဲ့ လာခေါ်သွားတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နားမှာ မတ် ၂ ရက်နေ့ ညကလည်း ၁၀ တန်း စာမေးပွဲမေးခွန်း သယ်လာတဲ့ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေသိရပါတယ်။
မတ် ၁ ရက်ကလည်း ရေစကြိုမြို့ပေါ်က စုပေါင်းရုံးမှာ အစောင့်ချထားတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့က မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အမှတ် ၂ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးပေါင်းရုံးမှာ တပ်စွဲထားတဲ့စစ်သားတွေကို မတ် ၁ ရက် ည ၉ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ MBT ရဲခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဒါအပြင် MBT နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို မနက် ၁၁ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်၊ ရေစကြို တိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း မထုတ်ပြန်ထားပါဘူး။
မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေမှာ ဇူလိုင်လ ၄ ရက်နေ့ကအမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF အား ထောက်ပံ့သူနဲ့ PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် ဌေးအောင်ကျေးရွာက ကိုထွန်းလင်းနဲ့ ဇနီးဖြစ်သူ မသန္တာအေးတို့ကို ဇူလိုင် ၄ ရက် နေ့လယ် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မြိုင်မြို့ကနေ စျေးဝယ်ပြီး ခရီးသည်တင်ကားနဲ့ ရွာအပြန် မြိုင်-ချောင်းဆုံ ကားလမ်းမှာ စစ်ကောင်စီတပ်က ဖမ်ဆီးပြီး မြိုင်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် မြေစွန်းကျေးရွာက ကုန်တင်ကားမောင်းတဲ့ ကိုကျော်စိုးဝင်းနဲ့ ယာဥ်နောက်လိုက် ကိုမျိုးလှိုင်ဝင်းတို့ကိုတော့ ဇူလိုင် ၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ မြေစွန်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က ရေစကြိုမြို့ အမှတ်(၃) ရပ်ကွက်မှာ ကုန်ကားကို တားပြီး စစ်ရာမှာ ကိုကျော်စိုးရဲ့ လက်ကိုင်ဖုန်းထဲမှာ PDF ကို အားပေးထောက်ခံတဲ့ စာသားတွေတွေ့တယ်ဆိုပြီး ဖမ်းဆီးကာ ကိုမျိုးလှိုင်ဝင်းကိုတော့ PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲဖမ်းဆီးကာ ရေစကြို မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၄ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၃၉၃ ယောက်ရှိပြီး အဲဒီထဲက ၁၂၁၂ ယောက်က ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။