close

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်

close

January 17, 2023

သံဖြူဇရပ်ရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဆက်ဆံရေးရုံး မနေ့ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းခွဲ စစ်ဆေးရေးဂိတ်အနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အဦတချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “သူတို့ဆက်ဆံရေးရုံးက လူအဝင်အထွက်တော့ ရှိတယ်။ ဒီနောက်ပိုင်းမှာ လူလာတာ မတွေ့ရဘူး။ ညကတော့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်။ အဆောက်အဦတချို့တော့ ထိခိုက်ပျက်စီးတာ ရှိတယ်” လို့ ပြောပါတယ်။

ဆက်ဆံရေးရုံး တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီထံ ဒီဗွီဘီက ၅ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ တပ်အင်အား ၂၆၈ ဦး၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။

2 months Ago

October 11, 2022

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စစ်ကောင်စီတပ်ဩဇာခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့  လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်းပြောင်းလိုက်တယ်လို့ အောက်တိုဘာ ၁၀ ရက် မနက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းတဲ့အထိမ်းအမှတ် မော်လမြိုင်မြို့မှာ မနေ့က အခမ်းအနားကျင်းပခဲ့ပြီး အကြမ်းဖက် လုပ်ရပ်တွေကို ပြတ်သားစွာ ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ဌာနေပြည်သူ့စစ်အဖြစ် စစ်ကောင်စီတပ်နဲ့ လက်တွဲကာ ငြိမ်းချမ်းရေး ဆောင်ရွက်သွားမယ်လို့ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီတပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ဟာ အသက်အရွယ်အရ အနားယူမယ့် ဗိုလ်ချုပ်နိုင်ရှောင်ရဲ့ တာဝန်ကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းက လွှဲပြောင်းရယူကာ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ကို ဆက်လက်ဦးဆောင်သွားမယ်လို့ သိရပါတယ်။

အဆိုပါ တပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ  ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်မှာ ခွဲထွက်ခဲ့ပြီး အင်အား ၂၆၈ ယောက်၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ ဝင်ရောက်ခဲ့ပါတယ်။

5 months Ago
Up