အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
“အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့ လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကျ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲသပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမယ့်အချိန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုလည်း အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာ ထားကြဖို့အတွက် အလေးအနက် တိုက်တွန်းလိုပါတယ်။”
မတ် ၂၈ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အတင်းအကျပ်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း “တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများ အားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ဒီနေရာကနေ ပြောလိုပါတယ်။ ဒါ့အပြင် ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာမထိန်းချုပ်နိုင်တော့တဲ့အပြင် လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့်ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ်ကို ဖော်ပြနေတယ်ဆိုတာ ထင်ရှားပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါ့အပြင် NUG အစိုးရအနေနဲ့ ကြားကာလ လုပ်ငန်းတာဝန်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်ဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ လျော့ပါးချည့်နဲ့သွားအောင် လုပ်ဆောင်ဖို့ကလည်း တခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ “ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ်ရှိနေတယ် ဆိုတာကို အမြဲသတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် ကျနော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမိုကျစ်လျစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံတော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေ ဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက်မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီစိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို ခုခံတော်လှန်တဲ့ ပြည်သူ့ခုခံစစ်ပွဲစတင်ခဲ့တဲ့ ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေ စာရင်းအရ PDFတွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ဒူဝါလရှီးလက ပြောပါတယ်။
“တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ပြည်သူ့အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို အလေးပြုအပ်ပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးတိုက်ပွဲအတွက် အသက်စွန့်ပေးသွားကြတဲ့ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများရဲ့ မိသားစုများကိုလည်း လေးနက်စွာဂုဏ်ပြုမှတ်တမ်း တင်ကြောင်း ပြောကြားလိုပါတယ်။”
ဒါ့အပြင် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ PDF စစ်သည်တော်တွေ၊ ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ CDM သူရဲကောင်းတွေ၊ လူထုသပိတ်တိုက်ပွဲဝင်နေသူတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO၊ NUCC နဲ့ CRPH တို့ကိုလည်း မော်ကွန်းတင် ကျေးဇူးတင် လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုစောင့်ကြည့်လေ့လာနေတဲ့ ISP Myanmar ရဲ့ စာရင်းအရသိရပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလကတော့ တနှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ ကျော်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလည်ပတ်နေကာ NUG ကာကွယ်ရေးဌာန ကွပ်ကဲအောက်မှာရှိမနေသေးတဲ့ ဒေသအလိုက် PDF အဖွဲ့တွေကိုလည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
နယ်မြေစိုးမိုးထားတဲ့ မြို့နယ်ပေါင်း ၂၄ မြို့နယ်မှာ တရားသူကြီးတွေနဲ့ တရားစီရင်ရေးလုပ်ငန်းတွေ စတင် အကောင်အထည်ဖော်နေသလို ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးစတဲ့ လူမှုဝန်ဆောင်မှုတွေလည်း စတင်ဆောင်ရွက်နေတယ်လို့ ယာယီ သမ္မတကပြောပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က နယ်မြေစိုးမိုးနိုင်မှု၊ စစ်ရေးလှုပ်ရှားနိုင်မှု အားကောင်းလာသလို တချိန်တည်းမှာ မိတ်ဖက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများရဲ့ နယ်မြေအုပ်ချုပ်မှု၊ စိုးမိုးမှု၊ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်မှုဟာလည်း ပိုမိထိရောက် ကောင်းမွန်လာတာတွေ့ရပါတယ်၊ ဒါကြောင့် ခုခံတွန်းလှန်စစ် တနှစ်ပြည့်တဲ့အခုအချိန်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီအနေနဲ့ သူတို့ ကောင်းကောင်း စိုးမိုးအုပ်ချုပ်နိုင်တာဆိုလို့ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးဆိုတာကို ကျနော် ပြည်သူလူထုကို အလေးအနက် တင်ပြလိုပါတယ်”လို့ ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့ ပထမဦးစွာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်းသုတ်သင်မယ်၊ လက်ရှိတော်လှန်ရေးကာလ ကြားကာလ အသွင်ကူးပြောင်းရေးကာလဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေကို NUCC ရဲ့ ဦးဆောင်မှုနဲ့ စာတင်ရေးဆွဲရေးလုပ်ငန်းစတင်နေတယ်၊ အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအရ ဖွဲ့စည်းမယ်၊ ဒီကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံဥပဒေမူကြမ်းကို ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူအတည်ပြုမယ်၊ အထွေထွေရွေးကောက်ပွဲကျင်းပြီး ဒီမိုကရေစနည်းကျ ရွေးကောက် တင်မြှောက်ထားသူတွေနဲ့ အစိုးရဖွဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ပေါ်ပေါက်လာအောင် လုပ်သွားမယ်လို့လည်း NUG ခေါင်းဆောင်က နိုင်ငံရေးလမ်းပြမြေပုံကို ချပြသွားပါတယ်။
ရှေ့လာမယ် ဒုတိယနှစ်အတွင်း လူထုတော်လှန်ရေးကို အင်နဲ့အားနဲ့ အရှိန်အဟုန်မြှင့်တင်ပြီး စိုးမိုးထိန်းချုပ်နယ်မြေတွေများစွာပေါ်လာအောင်ကြိုးပမ်းသွားမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်တွေ့ကျတဲ့ တရားသော ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေပါတယ်။ လူထုကို မျှော်လင့်ချက်အတုအယောင်ပြောပြီး စည်းရုံးဖို့လုံးဝ မကြိုးစားပါဘူး။ အောင်မြင်တဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ ရလဒ်နဲ့ သက်သေပြဖို့ကြိုးစားနေပါတယ်။”
စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇတ်မှုတွေကို နိုင်ငံကတာတရားရုံးတွေမှာ တရားစွဲနိုင်အောင်ကြိုးစာနေပြီး စစ်အုပ်စုအနေနဲ့ လူထုတရားစီရင်ရေးကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြဖို့ ဒူဝါလရှီးလက သတိပေးလိုက်သလို နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်သူတွေကို ငွေကြေးနဲ့ နည်းပညာပံ့ပိုးပေးဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေပေးဖို့နဲ့ NUG ခေါင်းဆောင်ကပြောပါတယ်။
အလားတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ပြည်သူ့ဘဏ္ဍာတွေကို ကိုယ့်အတ္တအတွက် စိတ်ကြိုက်ချယ်လှယ်ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို တနှစ်ကျော်ကာလအတွင်း ဖြိုချလို့ မရသေးဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါ့ထက် မြန်မြန် လျှောက်လှမ်းဖို့ လိုတယ်။ တော်လှန်ရေးကြာလေ ပြည်သူနာလေ တိုင်းပြည်နာလေမို့ ဒီလောက်ထိ ရှည်ကြာလာတာကိုတောင် ကျွန်တော်တို့ အနေနဲ့ မချင့်မရဲဖြစ်ရပါတယ်။ ဒါပေမဲ့လည်း အစောကပြောသလို လက်နက်မဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြခဲ့ကြတဲ့ အခြေအနေ၊ မခံနိုင်လွန်းလို့ တူမီးနဲ့ စတင်ခဲ့ကြတဲ့ အခြေအနေ ကနေ အခုတိုင်းနဲ့ပြည်နယ်အနှံ့ တပ်တွေ အဆင့်ဆင့်ဖွဲ့စည်းထားပြီးတဲ့ PDF အင်အားတွေအပြင် တိုင်းနဲ့ပြည်နယ်အနှံ့က LDF တွေ၊ မြို့ပြပျောက်ကြားတွေနဲ့ အထိုက်အလျောက် လက်နက်တပ်ဆင်နိုင်မှုတွေအထိ အဆင့် ဆင့် ဆောင်ရွက်ခဲ့ကြရတော့ မကြာခင်ဘဲ တစ်နှစ်ကြာခဲ့ရပါတယ်။ ဒါ့ကြောင့် လာမယ့်နှစ်မှာတော့ ပြင်ဆင်မှုတွေ၊ အတွေ့အကြုံတွေလည်း အထိုက် အလျောက် ရှိလာခဲ့ပြီမို့ ကျွန်တော်တို့ ပိုမိုအားထည့် ရုန်းကန်ရင်း အောင်ပွဲဆီကို အမြန်ဆုံး သွားကြရမှာ ဖြစ်ပါတယ်။”လို့ စက်တင်ဘာ ၆ ကကျင်းပတဲ့ NUG ၆၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန်မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် တသန်းခွဲကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။