ဂျာမနီအစိုးရဟာ ဂျာမနီနိုင်ငံဆီ ရောက်လာတဲ့ ယူကရိန်းနိုင်ငံက အများစုအပါအဝင် ဒုက္ခသည်တွေအတွက် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ ၂၀၂၃ ခုနှစ်မှာ နောက်ထပ် ယူရို ၁ ဘီလီယံ သုံးစွဲမယ်လို့ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က မေ ၁၀ ရက်နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
သူနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၆ ဦးတို့ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ဘာလင်မြို့တော်က အဓိပတိရုံးမှာ ရှို့လ်ဇ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရှို့လ်ဇ်နဲ့ သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီး ခရစ်စီယံလင်ဒ်နာက ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုမှာရှိတဲ့ မြူနီစီပယ်နယ်မြေတွေအတွက် အစိုးရအနေနဲ့ ပိုက်ဆံပိုမပေးနိုင်ဘူးလို့ အရင်က ပြောခဲ့ပါတယ်။
ဂျာမနီဟာ ယူကရိန်းစစ်ပွဲ ဖြစ်ပွားကတည်းက ယူကရိန်းဒုက္ခသည် တသန်းလောက်ကို လက်ခံ စာရင်းသွင်းထားတယ်လို့ ရှို့လ်ဇ်က ပြောပါတယ်။
“တချိန်တည်းမှာပဲ တခြားနိုင်ငံတွေကနေ လာပြီး ဂျာမနီမှာ ခိုလှုံခွင့်တောင်းခံသူ အရေအတွက် တိုးလာတယ်” လို့ ရှို့လ်ဇ်က ပြောပါတယ်။
ဂျာမနီရွှေ့ပြောင်းနေထိုင်မှုနှင့် ဒုက္ခသည်များအတွက် အေဂျင်စီ (Bamf) ဟာ အခုနှစ် ပထမလေးလအတွင်း ခိုလှုံခွင့်တောင်းခံသူ ၁၀၂,၀၀၀ နီးပါးကို မှတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
စစ်ပွဲဖြစ်ပွားပြီးကတည်းက ယူကရိန်းနိုင်ငံမှ လူပေါင်း ၇ သန်းကျော် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်မှု စတင်ချိန်ကတည်းက နယ်စပ်ဖြတ်ကျော်မှု စုစုပေါင်း ၇,၀၂၃,၅၅၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အေဂျင်စီက ဇွန် ၈ ရက်နေ့မှာ ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။
ဥရောပတလွှားမှာ မှတ်တမ်းတင်ထားတဲ့ ယူကရိန်းဒုက္ခသည်တဦးချင်း အရေအတွက်ဟာ ၄,၇၁၂,၀၇၆ ရှိပြီး ပိုလန်၊ ရုရှားနဲ့ မော်လ်ဒိုဗာတို့က ထိပ်တန်းအိမ်ရှင်နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ပဋိပက္ခအစတုန်းက ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ယူကရိန်းနိုင်ငံသားတွေဟာ အကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေချိန်က မိုင်ပေါင်းများစွာ စီတန်းနေတဲ့ ကားတွေကို ပြထားပါတယ်။ အများစုမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး အသက် ၆၀ အောက် အမျိုးသားတွေကိုတော့ ယူကရိန်းအာဏာပိုင်တွေက ထွက်ခွာခွင့် ပိတ်ထားပါတယ်။
စစ်ပွဲတွေကလည်း ဆက်ဖြစ်နေသေးတာကြောင့် ဒုက္ခသည်တွေဟာ ဘယ်အချိန် ပြည်တော်ပြန်လို့ရနိုင်မယ်၊ သူတို့အိမ်တွေ ဘယ်လိုဖြစ်နေမယ်ဆိုတာ သေချာမသိရတာကြောင့် ရေရှည်အိမ်ရာစီမံကိန်းတွေ လိုအပ်ချက်က ကြီးထွားလာနေပါတယ်။
အိမ်နီးချင်းနိုင်ငံကို လက်နက်ဖြုတ်သိမ်းပြီး နာဇီစနစ်ကို ဖျက်သိမ်းရမယ့် အထူးစစ်ဆင်ရေးလို့ မော်စကိုက ခေါ်တွင်တဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းပြည်သူ ထောင်ချီသေဆုံးပြီး မြို့ရွာတွေ ပျက်စီးရတဲ့အပြင် သန်းနဲ့ချီတဲ့ပြည်သူတွေ နိုင်ငံပစ်ပြေးနေရလို့ ယူကရိန်းနဲ့ သူ့မဟာမိတ်တွေကတော့ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်လို့ ပြစ်တင်ရှုတ်ချထားပါတယ်။