ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲခဲ့ရတာဟာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့်ဖြစ်ပြီး သဘောတူချက်များစွာ ရရှိထားကြောင်း အေအေပြောခွင့်ရ ခိုင်သုခက နိုဝင်ဘာ ၂၈ ရက် မနက်က ကျင်းပတဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“စစ်ကောင်စီနဲ့ လက်ရှိ အပစ်အခတ်ရပ်စဲလိုက်တာက ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ရှေ့ရှုပြီး အပစ်အခတ်ရပ်လိုက်တာ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်တယ်။ သဘောတူညီချက်တွေက များစွာရရှိထားတယ်။ မကြာမီ ထုတ်ပြန်သွားဖို့ရှိပါတယ်။”
အေအေနဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၂၆ ရက်က စတင်ပြီး နှစ်ဖက် အလွတ်သဘောတူညီခဲ့ကြကြောင်း နှစ်ဖက်စလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထားပါတယ်။
အပစ်အခတ် ရပ်စဲထားပေမဲ့လည်း ရက္ခိုင့်တပ်တော် (အေအေ) ဘက်က တပ်တွေဟာ လက်ရှိအနေအထားအတိုင်းသာ ရှိနေမှာဖြစ်ပြီး အပြောင်းအလဲမရှိဘူးလို့ ခိုင်သုခက ဆိုပါတယ်။
“အပစ်အခတ် ရပ်ထားတာပဲရှိတယ်။ တပ်တွေ နေရာချထားတာတွေက ဒီအတိုင်းရှိနေမှာပါ။ စစ်ကောင်စီနဲ့ ဘာတွေသဘောတူထားလဲဆိုတော့ လတ်တလောမှာ ပြောလို့မရပေမဲ့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။ အားလုံးသိကြရမှာပါ။”
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။
အဲဒီနောက် ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခု ဒုတိယအကြိမ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဒုတိယအကြိမ် နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ဘူတာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော်(အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက်မှာ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ပဒေသာရွာ (ရွာဟောင်း) ကန်ဘောင်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ ကွန်းတောင်ရွာမှာတော့ နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းနဲ့ ပါဒလိတ်အခြေစိုက် တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ရွာအစောင့်လောက်သာ ကျန်ခဲ့ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
ကွန်းတောင်ကျေးရွာမှာ တပ်စွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက် မနက် ၆ နာရီကျော်လောက်မှာလည်း ရက္ခိုင့်တပ်တော် (အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်နေလို့ ကျေးရွာ ၁၀ ကျော်လောက်က ပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြက်ရိုးပြင်ကျေးရွာအနီး ရေကျော်တံတား တောင်ကုန်းပေါ်ရှိ စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၂၂ ရက် ဒီနေ့မွန်းတည့် ၁၂ နာရီကျော်က ရက္ခိုင့်တပ်တော် (အေအေ) က ဝင်တိုက်နေတယ်လို့ ကြက်ရိုးပြင်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။
ကြက်ရိုးပြင် ဒေသခံတဦးက “ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ အေအေက ဝင်တိုက်တာလို့ သိရတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံနေတာပဲ။ အပြန်အလှန် တိုက်နေကြတုန်းပါ” လို့ ပြောပါတယ်။
ကြက်ရိုးပြင်ရေကျော်တံတား တောင်ကုန်းပေါ်ရှိ စစ်ကောင်စီစခန်းဟာ မောင်တော-ကြိမ်ချောင်း ကားလမ်းပေါ်မှာ တည်ရှိပြီး ငန်းချောင်းကျေးရွာအလွန်ရှိ နယ်ခြားစောင့်စခန်းတခုလည်း ဖြစ်ပါတယ်။
ငန်းချောင်းဒေသခံတဦးက “အကျအဆုံး များမယ်ထင်တယ်။ နခခ-၇ နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်က လက်နက်ကြီးပစ်ကူ ပေးနေတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲပါ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ နယ်ခြားစောင့်စခန်းကို အေအေဘက်က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပေမဲ့ အေအေနဲ့ စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းကလည်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ဝက်ကျိန်းကျေးရွာနဲ့ မြဝတီကျေးရွာကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရရှိကာ အေအေဘက်က ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင့်တပ်တော်ဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။