မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်က နယ်မြေ ၁၂ ရာအိမ်မှူး ကိုဇော်ဇော်လတ် (ခ) ကိုတူးဟာ မတ်လ ၂၇ ရက်၊ မနက် ၈ နာရီခွဲလောက်က နေအိမ်ကနေ လက်ဖက်ရည်ဆိုင်ကို ဆိုက်ကယ်နဲ့သွားစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
မလှိုင်မြို့ ရုပ်ရှင်ရုံဟောင်း၊ စျေးဆိုင်တန်းရှေ့လမ်းမအတိုင်း ရာအိမ်မှူး ကိုဇော်ဇော်လတ် (ခ) ကိုတူး ဆိုင်ကယ်စီးနင်းလာစဥ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
မလှိုင်မြို့ခံ ပြည်သူတဦးက “သူ့ကို ဒေသခံ PDF တွေက သတိပေးထားတာကြာပြီ။ ရပ်ကွက်ထဲမှာလည်း စစ်တပ်သတင်းပေးလုပ်နေတာ။ ပြီးတော့ သူက ရာအိမ်မှူးအဆင့်ကနေ အမှတ် ၃ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီး ဖြစ်ချင်နေတာ၊ ဧည့်စာရင်းတွေလည်း အမြဲလိုက်စစ်တာတွေ လုပ်နေတာ” လို့ ပြောပါတယ်။
ရာအိမ်မှူး ပစ်ခတ်ခံရတဲ့ အနီးပတ်ဝန်းကျင်ရှိ အသက် ၇၀ အရွယ် အဘိုးအိုတဦး အပါအဝင် ဒေသခံ ၁၄ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူလူထုကို အန္တရာယ်ပေးနေတဲ့ နိုင်ငံတဝန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သူတို့ရဲ့ နောက်လိုက်တွေကို ဒေသခံ PDF တွေက မကြာခဏဆိုသလို သတိပေးထားပါတယ်။
မန္တလေးမြို့မှာ မတ်လ ၂၄ ရက်က စစ်ကောင်စီခန့်ရာအိမ်မှူး အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ မွန်းတည့် ၁၂ နာရီလောက်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၇ B လမ်း ( ၁၁၉× ၁၂၀ ) လမ်းကြားက လူနေအိမ်တအိမ်ရှေ့မှာ အသက် ၅၉ နှစ်အရွယ် ရာအိမ်စုမှူး အမျိုးသမီးဟာ ပန်းအိုးတွေကို ရေလောင်းနေချိန်မှာ အမည်မသိဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက သေနတ် ၂ ချက်ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်ခံရတာကြောင့် ညာလည်ပင်းဖောက်ဝင် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားပြီး ရုပ်အလောင်းကိုမန္တလေးဆေးရုံပို့ဆောင်ခဲ့တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ဆိုပါတယ်။
ဒေသခံလူမှုကယ်ဆယ်ရေးအသင်းဝင်တယောက်က "သင်ပန်းကုန်းရာအိမ်မှူးလို့ ပြောတယ်၊ လည်ပင်းပေါက်ပြီး သွေးထွက်လွန်နဲ့ DB ဖြစ်သွားပါပြီ။ မိသားစုဝင်တွေရှိနေတဲ့ အချိန်ဖြစ်သွားတာလို့ ပြောတယ်။ ကျည်ဆန် ၂ ချက်မှာ ၁ ချက်ပဲ ထိထားတာ။ မန္တလေးဆေးရုံကြီး ပို့ထားပြီးပါပြီ"လို့ပြောပါတယ်။
မတ်လ ၂၄ ရက်မှာပဲ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၆၄ လမ်း (၂၄× ၂၅ ) လမ်းကြားမှာ မနက် ၉ နာရီခွဲလောက်က ကီးပတ်ဖုန်းချိတ် လက်လုပ်ဗုံး ၂ လုံးကို စစ်ကောင်စီဘက်က ရှာတွေ့ခဲ့ပါတယ်။
ဗုံးတွေ့ရှိနေရာနဲ့ ကိုက် ၂၀ လောက်အကွာမှာလည်း မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူတွေထိခိုက်မှု သတင်းတွေကတော့ မကြားသိရပါဘူး။