ရိုမေးနီးယားနိုင်ငံ အလယ်ပိုင်းမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင် နိုင်ငံတွေက စစ်သားတွေ နိုဝင်ဘာ ၉ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ရိုမေးနီးယား၊ အမေရိကန်၊ ဒတ်ခ်ျနဲ့ ပြင်သစ်တို့ဟာ ရိုမေးနီးယားမြို့တော် ဘူချာရက်စ်ကနေ ၁၆၄ မိုင်ဝေးတဲ့ စင်ကူအရပ်ကနေ ‘Justice Sword’ လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းအဖြစ် စစ်ရေး ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်သား ၁,၂၀၀ လောက် ပါဝင်ခဲ့ပြီး သံချပ်ကာ သယ်ဆောင်သူတွေ၊ (APCs)၊ တင့်ကားတွေ၊ လေးတဲ့အမြောက်တွေ၊ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုသုံးပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
Justice Sword လေ့ကျင့်ခန်းကို အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာ ပြီးဆုံးမှာပါ။
နေတိုးအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို မကျူးကျော်မီ ယူကရိန်းနဲ့ နယ်နိမိတ်တလျှောက် ရုရှားရဲ့ စစ်ရေးတည်ဆောက်မှုကို တုံ့ပြန်တဲ့အနေ ဥရောပ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နိုင်ငံတွေဆီကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။
ရိုမေးနီးယားနိုင်ငံဟာ ၂၀၀၄ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ရိုမေးနီးယားနိုင်ငံထဲမှာ ပြင်သစ် ဦးဆောင်တဲ့ နိုင်ငံစုံ မြေပြင်တပ်ဖွဲ့လည်းဖြစ်တဲ့ နေတိုးတပ်ဖွဲ့ဝင် အယောက် ၄,၀၀၀ အထိ ရှိနေပါတယ်။
ဗြိတိန် အိမ်ရှေ့စံမင်းသား ချားလ်စ်ဟာ ယူကရိန်းဒုက္ခသည်တွေအတွက် သူ့ရဲ့အားပေးမှုကို ပြသဖို့ မေ ၂၂ ရက်က ရိုမေးနီးယားကို ရောက်ရှိခဲ့ပါတယ်။
သူဟာ ဘူခါရက်စ်ရှိ ဒုက္ခသည်စင်တာကို ရောက်ရှိလာခဲ့ပြီး ကလေးတွေနဲ့ မိခင်တွေကို ဦးစားပေး နှုတ်ဆက်ခဲ့ကာ ဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီလုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်းတွေကို တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်လိုက်ပြီးနောက်ပိုင်း အဆင့်မြင့် တော်ဝင်ပုဂ္ဂိုလ်တယောက်အနေနဲ့ အဲဒီဒေသကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာလည်း ဖြစ်ပါတယ်။
ဝေလမင်းသား ချားလ်စ်ကို ရိုမေးနီးယားသမ္မတ ကလောက်စ် လိုဟန်နီစ်က ကိုထရိုဆန်နီ သမ္မတအိမ်တော်မှာ ကြိုဆိုခဲ့ပါတယ်။
ဝေလမင်းသားဟာ ရိုမေးနီးယားနဲ့ နှစ်ရှည်လများ အဆက်အသွယ်ရှိသူပါ။ သူဟာ ရိုမေးနီးယားနိုင်ငံမှာ ပရဟိတ ဖောင်ဒေးရှင်းတခု ထူထောင်ထားပြီး မိရိုးဖလာ လယ်ကွင်းကိုလည်း ပြန်လည်ထိန်းသိမ်းထားပါတယ်။
နောက်ဆုံး စာရင်းဇယား ကိန်းဂဏန်းတွေမှာတော့ ယူကရိန်းနိုင်ငံသား ၁ သန်းနီးပါးဟာ ရိုမေးနီးယားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီးဖြစ်ပါတယ်။