ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးကလပ် ပါးမီးယက်စ်အသင်းက ဆယ်ကျော်သက် တိုက်စစ်မှူး အန်ဒရစ်ကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၁၆ နှစ်ပဲရှိသေးတဲ့ အန်ဒရစ်ဟာ ပါးမီးယက်စ်မှာ အထူးခြေစွမ်းပြနေပြီး ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေကို ကျော်ဖြတ်ပြီး ရီးရဲလ် အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဆယ်ကျော်သက်တိုက်စစ်မှူးဟာ မက်ဒရစ်ကိုလာပြီး စာချုပ်ချုပ်ဆိုမှာဖြစ်ပေမယ့် ပါးမီးယက်စ်မှာ ပြန်ကစားရမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ရောက်မှ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။
အန်ဒရစ်ဟာ ပါးမီးယက်စ်လူငယ်အသင်းမှာ စုစုပေါင်း ၁၆၉ ပွဲကစားခဲ့ရာမှာ ၁၆၅ ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးယူ ၁၆ လက်ရွေးစင်လည်းဖြစ်တဲ့သူဟာ နိုင်ငံအသင်းနဲ့ ၄ ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်လို့ နောက်ခံလူသစ်ရူဒီဂါက ကတိပေးပြောကြားလိုက်ပါတယ်။
ဂျာမနီနောက်တန်းကစားသမား ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ ပြီးနောက် ရီးရဲလ်မက်ဒရစ်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
တစ်ပတ် လုပ်ခ ပေါင် ၃၁၅,၀၀၀ နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းအတွက် အစွမ်းကုန်ပေး ဆပ်မယ်ဆိုတာကို ကတိပြုကြောင်းနောက်ခံလူရူဒီဂါကပြောပါတယ်။
သူ့မိဘတွေသာမရှိဘူးဆိုရင် ဒီနေရာကိုရောက်နိုင်မှာမဟုတ်လို့ မိဘတွေကို ကျေဇူးတင်ကြောင်း၊ ဒီလိုခမ်းနားကြီးကျယ်တဲ့အသင်းကြီးမှာ ကစားခွင့်ပေးခဲ့တဲ့ အသင်းဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ကြောင်း၊ ဒီအသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်ဆိုတာ ကတိပြုပြီး ဆုဖလားတွေကိုလည်း ရနိုင်သမျှ ရယူချင်ကြောင်း ရူဒီဂါက ပြောပါတယ်။
ရီးရဲလ်အသင်း ဥက္ကဋ္ဌပီရက်ဇ်ကတော့ ရူဒီဂါဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မိသားဝင်တစ်ဦးဖြစ်သွားပြီလို့ ဆိုသွားခဲ့ပါတယ်။