close

ရုရှားထိုးစစ်

close

March 9, 2023

ယူကရိန်းကို ဆက်လက်ထောက်ပံ့မည်ဟု အီးယူဥက္ကဋ္ဌနှင့် ကနေဒါဝန်ကြီးချုပ် အတည်ပြု

ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ထိုးစစ်ကို နှိမ်နင်းရေး ယူကရိန်းနိုင်ငံကို ဆက်ပြီး ထောက်ပံ့သွားမယ့် ကတိတွေကို ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးတို့က မတ်လ ၇ ရက်မှာ ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

ကနေဒါနိုင်ငံ အွန်တေရီအိုပြည်နယ် ကင်းစ်တန်မြို့က ကနေဒါတပ်စခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောလိုက်တာပါ။

ယူကရိန်းတပ်တွေအတွက် အင်ဂျင်နီယာနဲ့ ဆေးဘက်ဆိုင်ရာသင်တန်းတွေ ကနေဒါက ဆက်ပေးနေတယ်လို့ ထရူးဒိုးက ပြောပါတယ်။

ယူကရိန်း လျှပ်စစ်ဓာတ်အားလိုင်းတွေအတွက် စွမ်းအင်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ မိုင်းရှင်းလင်းရေး အားထုတ်မှုတွေအတွက် ဘတ်ဂျက်ကိုလည်း ထရူးဒိုးက ကြေညာခဲ့ပါတယ်။

ဥရောပသမဂ္ဂဥက္ကဋ္ဌ ဗွန်ဒါလေယန်ကတော့ ယူကရိန်းအတွက် ကနေဒါရဲ့ အားထုတ်မှုတွေကို ချီးမွမ်းခဲ့ပါတယ်။

“ယူကရိန်းမှာ စစ်ပွဲအနိုင်ရဖို့ လိုအပ်တဲ့စိတ်ဓာတ်နဲ့ သတ္တိလည်း ရှိနေတယ်။ လက်နက် အထောက်အပံ့တွေ လိုအပ်တယ်” လို့ သူက ဆက်ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာ စစ်သည်အင်အား ၃၀,၀၀၀ ကို သင်တန်းပေးဖို့လည်း ဥရောပက မျှော်လင့်ထားပါတယ်။

စစ်ပွဲအစမှာတုန်းက ကမ္ဘာကြီးဟာ ရုရှားရဲ့ စွမ်းအင်အပေါ် အလွန်အမင်း မှီခိုနေတယ်လို့ ထရူးဒိုးနဲ့ ဗွန်ဒါလေယန်တို့က ရည်ညွှန်း ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီအချိန်တည်းက ကမ္ဘာတလွှား အနာဂတ် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီဖို့ ကတိကို ကနေဒါဝန်ကြီးချုပ်က အတည်ပြုခဲ့တာပါ။

ဗွန်ဒါလေယန်ဟာ ကနေဒါကို မတ်လ ၇ ရက်က လာရောက်လည်ပတ်ခဲ့တာပါ။ အဲဒီနောက် ဘက်ထရီတွေနဲ့ အပိုပစ္စည်းအတွက် အခွန်အားသာချက်နဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေတို့ကနေ ဥရောပကုမ္ပဏီတွေကို အကျိုးအမြတ်ပေးဖို့ သဘောတူညီချက်ရရှိရေး စည်းရုံးဖို့ အမေရိကန်ကို ဆက်သွားမှာပါ။

ကနေဒါလိုပဲ ဥရောပသမဂ္ဂဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းလမ်းတွေကို ပြောင်းသုံးရေး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

6 mins Ago

June 4, 2022

ဒန်ညက်စ်တွင် ရုရှားထိုးစစ်ဟန့်တားရန် ယူကရိန်းခုခံကာကွယ်သူများ စောင့်ကြပ်

ရုရှားရဲ့ ထိုးစစ်ကို ဟန့်တားဖို့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒန်ညက်စ်ဒေသထဲက အဓိကလမ်းတွေကို ယူကရိန်း ခုခံကာကွယ်သူတွေက စောင့်ကြပ်နေပါတယ်။

ယူကရိန်းပိုင်နက်ထဲ စီးနင်းဖို့ ကြိုးစားတဲ့ ရုရှသံချပ်ကာ ကားတစီးကို ဇာပိုရစ်ချ်ဇီယာ ကာကွယ်ရေးတပ်ဖွဲ့ က ဖျက်ဆီးခဲ့တယ်လို့ တပ်ဖွဲ့ဝင် တယောက်က မေ ၃၁ ရက်မှာ ပြောပါတယ်။

“ဒီလမ်းဟာ ရန်သူက ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ နေရာပါ။ ခြေလျင် တိုက်ခိုက်ရေး ယာဉ် BMP-3 လိုမျိုး တခါတလေ သူတို့ အောင်မြင်တယ်။ ဒါပေမဲ့ ခုလို အဆုံးသတ် သွားတာပေါ့”လို့ ခုခံကာကွယ်သူ အန်ဒရေ ဘီးစထရစ်က ပြောပါတယ်။

ရုရှားဟာ ကိယက်ဗ်မြို့တော်နဲ့ တခြား ယူကရိန်းဒေသတွေကို စီးနင်းတာ မအောင်မမြင် ဖြစ်ပြီးတဲ့နောက် ပြန်ဆုတ်ခွာခဲ့ပြီး ဒွန်ဘတ်စ်ဒေသကို ထိုးစစ်ဆင်ဖို့ အာရုံစိုက် နေပါတယ်။

ဒွန်ဘတ်စ်၊ ဒန်ညက်စ်နဲ့ လူဟန့်စ် ဒေသတွေမှာ ရုရှားအစိုးရကို သစ္စာခံတဲ့ နယ်မြေတွေနဲ့ ယူကရိန်း အစိုးရကို သစ္စာခံတဲ့ နယ်မြေတွေ ရှိနေကြပြီး ရုရှားနဲ့ ယူကရိန်း တပ်တွေကြား တိုက်ပွဲ ဖြစ်နေတာ ကြာပါပြီ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ဒွန်းဘတ်စ်လွတ်မြောက်ရေးဟာ  ရုရှားအစိုးရ အတွက် ခြွင်းချက်မရှိ ဦးစားပေးကိစ္စလို့ မေ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

သူတို့ကိုယ်သူတို့ ဒန်ညက်စ်နဲ့ လူဟန့်စ်ပြည်သူ့ သမ္မတ နိုင်ငံတွေလို့ ကြွေးကြော်ထားတဲ့ နယ် ၂ ခုကို ရုရှားပြည်ထောင်စုလွတ်လပ်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုထားပါတယ်။

နေတိုး စစ်ရေးမဟာမိတ်အဖွဲ့က ဥရောပအရှေ့ပိုင်းကို အဖွဲ့ဝင်တိုးချဲ့လာအပြီး ရုရှားအိမ်နီးချင်း ယူကရိန်းမှာ စစ်အင်အား လျှော့ချဖို့နဲ့ နာဇီတွေကို အားကျနေတဲ့ အမျိုးသားရေးဝါဒီ တွေကို ရှင်းလင်းဖို့ အထူးစစ်ဆင်ရေး ဆင်နွှဲနေတယ်လို့ ရုရှားက ပြောခဲ့ပါတယ်။

ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေကတော့ ရုရှားဟာ နယ်မြေသိမ်းဖို့ အခြေအမြစ်မရှိ ရမယ်ရှာ အကြောင်းပြနေတာလို့ ရှုမြင် ထားကြပါတယ်။

9 months Ago
Up