၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ မေလ ၈ ရက်က ဆက်လက်ကျင်းပရာ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ စင်ကာပူလက်ရွေးစင် ရှန်တီ ပါရီရာက အနိုင်ရပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။
သူဟာ မိုရိုဒေ့ါခ်တီကို အမျိုးသားအားကစားရုံမှာ ၂၂ ဒသမ ၆၉ စက္ကန့် စံချိန်ရရှိခဲ့ပြီး ဒီစံချိန်ဟာ သူ့ရဲ့ အရင်စံချိန်ဖြစ်တဲ့ ၂၂ ဒသမ ၈၉ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို ၂၀၁၉ ခုက ဖိလစ်ပိုင်ဆီးဂိမ်းမှာ ခရစ်စတီးနား နော့တ်ရဲ့ ၂၃ ဒသမ ၀၁ စက္ကန့် စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ကစားပွဲတွေမှာတော့ ပါရီရာဟာ ၂၃ ဒသမ ၅၂ စက္ကန့်နဲ့ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး စင်ကာပူရဲ့ အပြေးဘုရင်မလို့ တင်စားခံရတဲ့ သူဟာ မတ်လနဲ့ ဧပြီလတွေမှာလည်း စံချိန်များစွာကို ချိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဘရစ်စ်ဘိန်းမှာ ကျင်းပခဲ့တဲ့ ဩစတြေးလျ ပြေးခုန်ပစ်ဖွင့်ပွဲမှာ ပါရီရာက မီတာ ၂၀၀ အမျိုးသမီး အပြေးပြိုင်ပွဲမှာ ၂၂ ဒသမ ၈၉ စက္ကန့်နဲ့ စံချိန်တင်ခဲ့ပြီး ဒီစံချိန်ဟာ ၂၀၂၃ ခုနှစ်မှာ အာရှအမျိုးသမီးတယောက်က သတ်မှတ်ထားနိုင်တဲ့ အမြင့်ဆုံးစံချိန် ဖြစ်ပါတယ်။
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို မေ ၅ ရက်ကနေ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ဗီယက်နမ်မှာကျင်းပနေတဲ့ (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ မေလ ၁၈ ရက်နေ့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအားကစားအဖွဲ့က ဗိုဗီနမ်အားကစားနည်းကနေ နိုင်ငံအတွက် ၆ ခုမြောက် ရွှေတံဆိပ်ဆု ရှိခဲ့ပါတယ်။
ဗိုဗီနမ်ပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲ လက်နက်မဲ့ အပြပြိုင်ပွဲမှာ ခိုင်ဝါဖူးနဲ့ မေဟန်နီအောင်လွင်တို့က အိမ်ရှင်ဗီယက်နမ်အတွဲကို အနိုင်ယူပြီး ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။
ဒီနေ့ တခြားပွဲစဉ်တွေမှာတော့ မီတာ ၁၀၀၀ ကနူး/ကယက် လေးယောက်တွဲ (အမျိုးသား)ပြိုင်ပွဲနှစ်ခုကနေ မြန်မာက ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု၊ မြားပစ် (Recurve Women Team ပြိုင်ပွဲကနေ ကြေးတံဆိပ်တခု၊ တိုက်ကွမ်ဒို ၆၃ ကီလိုတန်းကနေ ဇော်လင်းထက်က ကြေးတံဆိပ်တခု ရရှိခဲ့ပါတယ်။
ဒီနေ့ညနေပိုင်းကန်သွားတဲ့ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းက မြန်မာအမျိုးသမီးအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၈ ရက် ညနေပိုင်းအထိ ရွေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၄ ခုရရှိထားပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှာ နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
ဒီနေ့ည ၈ နာရီလောက် အထိ နိုင်ငံအလိုက်အဆင့် ထိပ်ဆုံး ၁ နေရာမှာ အိမ်ရှင်ဗီယက်နမ်က ရွှေတံဆိပ် ၁၂၅ ခုနဲ့ ရပ်တည်နေပြီး၊ ထိုင်းကရွှေတံဆိပ် ၅၀ ခုနဲ့ အဆင့် ၂၊ ဖိလစ်ပိုင်က ရွှေတံဆိပ် ၃၇ ခုနဲ့ အဆင့်၃၊ အင်ဒိုနီးရှားက ရွှေတံဆိပ် ၃၆ ခုနဲ့ အဆင့် ၄၊ စင်ကာပူကရွှေတံဆိပ် ၃၆ ခုနဲ့ အဆင့် ၅ နေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။
ဒီနောက်မှာ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။